စစ်ကိုင်းဆွမ်းတော်ကြီးဝတ်အသင်း

Listing Description

စစ်ကိုင်းဆွမ်းတော်ကြီးဝတ်အသင်းသည် မြန်မာပြည်အရပ်ရပ်၌ ရှိကြသော ဝတ်အသင်းများနှင့်မတူ တစ်မူထူးခြားလှသော ဆွမ်းတော်ကြီးဝတ်အသင်းများ (ဝါ) အရုဏ်တော်အသင်းများ၏ ကြာရှည်လှသော သက်တမ်းနှင့်အတူ လူသိများ ကျော်ကြားလှပေသည်။ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုရားစဉ်လှည့်ပြီး ဆွမ်းတော်ကပ်လှူကြရာတွင် အဖိတ်နေ့တွင် အရုဏ်တော် ဝတ်အသင်းများမှ မြို့ထဲမြို့ပြင် လှည့်လည် အလှူခံထွက်ကြပြီး ဥပုသ်နေ့ အရုဏ်မတက်မီ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်၍ ဖိနပ် လုံးဝမစီးဘဲ တန်းစီကာ ဘုရားစဉ်အရောက်သွားကြ၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဝတ္ထုငွေများ ကပ်လှူပူဇော်လှူဒါန်းပြီး အပြန်၌လည်း လာစဉ်က ကဲ့သို့ပင် နှစ်ယောက်တစ်တွဲ တန်းစီ၍ စည်းကမ်းတကျ ကိုယ့်ရပ်ကွက်အရောက် အတီးအမှုတ် အကအခုန်များနှင့် ပြန်ကြသည်။

ဘုရားစဉ်၏ နောက်ဆုံးဘုရားဖြစ်သော ကောင်းမှုတော်ဘုရား အလှည့်သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်ပြီး ဝါကျွတ်ပွဲတော်လည်း ဖြစ်သည့်အလျှောက် ရှေ့ဝင်းနောက်ဝင်း ခင်းပြီး သွားလာသည့်အပြင် ယိမ်းအဖွဲ့၊ ဗြော၊ အိုးစည်ဒိုးပတ် အဖွဲ့များနှင့် ကခုန် ပျော်ရွှင်စွာ သွားရောက်ဆွမ်းတော်ကပ်ကြပြီး သီတင်းကျွတ်လပြည့်ည ဘုရားမှာပင် ညအိပ်ပြီး လပြည့်ကျော် ၁ ရက်နေ့ရောက်မှ မြို့တွင်းသို့ လာစဉ်ကကဲ့သို့ပင် ပြုံးပျော်စွာ ပြန်လာကြပါသည်။

ဝါဆိုလပြည့်နေ့ ဆွမ်းဦးပုညရှင်စေတီမှ အစပြုပြီး သီတင်းကျွတ်လပြည့်နေ့ ကောင်းမှုတော် ဘုရားပွဲ အထိ ဝါတွင်းကာလ ဆွမ်းတော်ကပ်လှူကြသည့် ဘုရားစဉ်ကို အတိုကောက်အားဖြင့် ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊အောင်၊ ကောင်း ဟူ၍ ဘုရား ၁၄ ဆူ၏ ဘွဲ့တော်များကို အတိုကောက်ခေါ်ဝေါ်မှတ်သား ထားကြပါသည်။ ဤဘုရားစဉ်အတိုင်း စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များဖြစ်ကြသည့် မိုးဇာ၊ ပိုးတန်း၊ ရိုက်တန်း၊ မင်းလမ်း၊ စိန်ကုန်း၊ ဒါးဝယ်ဈေး၊ ဘော်ဂါ၊ လင်းဇင်း၊ ညောင်ကုန်း၊ ဧမြဝတီ၊ တကောင်း၊ မြို့သစ်၊ ပန်းပဲတန်း၊ ဇေယျာကွက်သစ်၊ ထိုးဘိုနှင့် ရုံးပေါင်းစုံ အရုဏ်တော်အသင်း (ဝါ) ဆွမ်းတော်ကြီးဝတ်အသင်းများမှ ဝါတွင်းကာလများတွင် ဆွမ်း၊ ပန်း၊ ရေချမ်းများ နှစ်စဉ် ကပ်လှူလျက် ရှိကြပါသည်။

အတိုကောက်အမည်များဖြင့် ခေါ်ဝေါ်သုံးစွဲမှတ်တမ်းပြုထားကြသည့် ဝါတွင်းဘုရားစဉ်များ၏ တစ်ဆူစီကို ရှင်းလင်းတင်ပြလျှင်-

 (၁) ပုံ = ဆွမ်းဦးပုညရှင်

(၂) တောင် = တောင်ဖီလာ

(၃) ဇေ = ဇေတဝန်

(၄) ချမ်း = ချမ်းသာကြီး၊ ချမ်းသာရ

(၅) ဥ = ဥမင်သုံးဆယ်

(၆) နန်း = ရှင်ပင်နန်းဦး

(၇) နံ = ရှင်ပင်နံကိုင်း

(၈) လေး = လေးကျွန်းမာရ်အောင်

(၉) ပ = ပတ္တမြားစေတီ

(၁၀) ထူ = ထူပါရုံစေတီ

(၁၁) ရှင် = ရှင်ဖြူရှင်လှဘုရား 

(၁၂) ငါး = ငါးထပ်ကြီးဘုရား

(၁၃) အောင် = အောင်မြေလောကဘုရား

(၁၄) ကောင်း = ကောင်းမှုတော်ဘုရား