"မင်းဘူး(စကု)"

မင်းဘူး (စကု) မြို့နယ်တွင် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၆၇ စု၊ ကျေးရွာပေါင်း ၁၅၀ ပါဝင်ပြီး လူဦးရေပေါင်း ၁၈၃၀၀၀ ကျော်နေထိုင်လျက်ရှိသည်။ အရှေ့မှအနောက်သို့ ၄၆ မိုင်၊ တောင်မှမြောက်သို့ ၄၂ မိုင်ရှည်လျားပါသည်။ အကျယ်အဝန်းမှာ ၆၄၂.၇၁၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် မကွေးမြို့နယ်၊ တောင်ဘက်တွင် မင်းလှမြို့နယ်၊ အနောက်ဘက်တွင် ငဖဲမြို့နယ်၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့နယ်တို့ တည်ရှိသည်။ တောင်ကုန်းတောင်များ ပေါများပြီး သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ ဧရာဝတီမြစ်၊ ဆားပွက်ချောင်းနှင့် မုန်းချောင်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းများ ပေါများပြီး ဧရာဝတီမြစ်သည် မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိသည်။ ဆားပွက်ချောင်းနှင့် မုန်းချောင်းတို့သည် အနောက်မှအရှေ့သို့ စီးဆင်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၄ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ တောင်ကြီး (ဖလံရုံ) တောင် ဖြစ်သည်။ ရာသီဥတုအခြေအနေမှာ ပူပြင်းခြောက်သွေ့သော အလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင်ပါဝင်ပြီး အမြင့်ဆုံး အပူချိန်မှာ ၄၄.၇˚C ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အခြားဒေသများသို့လည်း ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်များမှာ စပါးသီးနှံနှင့် ဆီထွက်သီးနှံများဖြစ်သည်။ မင်းဘူးမြို့သည် ဇာတ်ကြီးဆယ်ဘွဲ့ကို ရေးသားတော်မူသော ဆရာတော်ဦးဩဘာသ၏ ဇာတိလည်းဖြစ်သည်။

Attractions in မင်းဘူး(စကု)