"တိုက်ကြီး"

တိုက်ကြီးမြို့နယ်သည် ရပ်ကွက် ၂၀ ခု၊ ကျေးရွာအုပ်စု ၇၅ စု၊ ကျေးရွာပေါင်း ၄၇၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၆၉၈၀၃ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၉ မိုင် နှင့် တောင်မှမြောက်သို့ ၃၅ မိုင် ရှည်လျားပြီး မြို့နယ်အကျယ်အဝန်း ဧရိယာ ၇၀၇.၅၃ စတုရန်းမိုင်ရှိသည်။ တိုက်ကြီးမြို့နယ်၏ အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ တောင်ဘက်တွင် မှော်ဘီမြို့နယ်၊ အနောက်ဘက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

တိုက်ကြီးမြို့နယ်ရှိ တောင်တန်းများသည် မြောက်မှတောင်သို့ ဆင်ခြေလျှောနိမ့်ဆင်းသွား၍ လှိုင်မြစ်နှင့် တောင်ခြေဒေသတွင် အရှေ့မှအနောက်သို့ ဆင်ခြေလျှောနိမ့်ဆင်းသွားသည်ကို တွေ့ရှိရပါသည်။ တိုက်ကြီးမြို့နယ်၏ မြေမျက်နှာသွင်ပြင်ကိုအောက်ပါအတိုင်း ခွဲခြားဖော်ပြအပ်ပါသည် -

 (က) လှိုင်မြစ်အနောက်ဘက်ကမ်းနှင့် ဧရာ၀တီမြစ်အရှေ့ဘက် အကြားရှိ အနောက်ပိုင်း၊

 (ခ) . လှိုင်မြစ်အရှေ့ဘက်နှင့် ပဲခူးရိုးမတောင်တန်း အကြားရှိ အလယ်ပိုင်း၊

 (ဂ) ပဲခူးရိုးမတောင်းတန်းတောင်စွယ်များ ပါဝင်သော အရှေ့ ဘက်ပိုင်း၊

တိုက်ကြီးမြို့နယ်သည် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောမြစ်များမှာ ဧရာ၀တီမြစ်၊ လှိုင်မြစ်၊ ဘောလည်မြစ်တို့ဖြစ်ကြပြီး ဧရာ၀တီမြစ်သည် အဖျောက်မြို့နှင့် ရေပေါ်သောင်ကျေးရွာအုပ်စုအနီးမှဖြတ်၍ မြောက်မှတောင်သို့စီးဆင်းပါသည်။ လှိုင်မြစ်နှင့် ဘောလည်မြစ်တို့မှာ လှိုင်၊ တော်လတီ၊ သရက်ချောင်း၊ မင်းလှဝ၊ ဆင်ခြံကျေးရွာအုပ်စုများ အနီးမှဖြတ်၍ မြောက်မှတောင်သို့စီးဆင်းပါသည်။ မြို့နယ်အတွင်းရှိ အမြင့်ဆုံးတောင်မှာ မှန်ပြတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၅၀၀ ပေရှိသည်။

ဒေသသမိုင်းအကျဉ်း

တိုက်ကြီးမြို့နယ်သည် မူလပထမ လှိုင်စီရင်စုအတွင်းမှ ကျေးရွာငယ်တစ်ရွာဖြစ်ပါသည်။ လှိုင်မြို့သည် မြန်မာ့သမိုင်းတွင် အင်းဝ၊ ဟံသာ၀တီအနှစ် ၄၀ စစ်ပွဲအတွင်း မွန်ခံတပ်မြို့ အား အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး ကာလတွင် အုပ်ချုပ်ရေးရုံးစိုက်ရာ စီရင်စုအဖြစ် ဆက်လက်ထားရှိခဲ့ပါသည်။ ၁၈၇၇ ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ရန်ကုန်- ပြည်မီးရထားလမ်း ဖောက်လုပ်ရာတွင်တိုက်ကြီးကုန်းရွာ၌ ဘူတာ ထားရှိခဲ့ပါသည်။ နောက်ပိုင်းတွင် ဘူတာအားမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ရှမ်းစုရွာကလေးသို့ပြောင်းရွှေ့ခဲ့ပြီး ဘူတာအမည်ကို တိုက်ကြီးအမည်ဖြင့် ထားရှိခဲ့၍ ဘူတာတွင် ဂိတ်ကင်းတစ်ခု စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၈၉၆ ခုနှစ်သို့ရောက်သောအခါ လူစည်ကားပြီး လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျသည့် တိုက်ကြီးဘူတာရွာသို့ လှိုင်မြို့ပိုင်ရုံးအား အပြီးအပိုင် ပြောင်းရွှေ့လာသည့် နောက်ပိုင်းတွင် တိုက်ကြီးမြို့အဖြစ် ပြောင်းလဲလာခြင်းဖြစ်ပါ သည်။ တိုက်ကြီးမြို့နယ်သည် . ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန ၃၀.၈.၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃/၂၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းခဲ့ပါသည်။

Attractions in တိုက်ကြီး