"ကျောက်တန်း"

ကျောက်တန်းမြို့နယ်သည် ပါဒနိုင်ငံတော် ပထမဆုံး ထီးနန်းစိုးစံခဲ့သော တိဿဘောဂ သေနမင်းလက်ထက် မဟာသက္ကရာဇ် ၉၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်နေ့တွင် နန်းမြို့တည်ခဲ့ပြီး ဂွမ်းမြို့အဖြစ် ထင်ရှားခဲ့သည်။ ကျောက်တန်းဟု ခေါ်ဆိုရခြင်းမှာ မှော်ဝန်းချောင်းထဲတွင် တန်းစီနေသော ကျောက်တုံးကြီးကို အစွဲပြု၍ ကျောက်တန်းမြို့ဟု အမည်တွင်ကြောင်း သိရှိရပါသည်။ ကျောက်တန်းမြို့နယ်တွင် ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၅ စု၊ ကျေးရွာပေါင်း ၈၀ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၇၀၀၀၀ ခန့် နေထိုင်ပါသည်။ ကျောက်တန်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၁ မိုင်၊ တောင်မှမြောက်သို့ ၃၆ မိုင် ရှည်လျားပြီး ၃၂၅.၇၆၀စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် သုံးခွမြို့နယ်၊ တောင်ဘက်တွင် မုတ္တမပင်လယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်၊ မြောက်ဘက်တွင် သန်လျင်မြို့နယ်တို့ တည်ရှိပါသည်။ ကျောက်တန်းမြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် အနောက်မှအရှေ့သို့ စီးဆင်းလျှက်ရှိသည်။ မှော်ဝန်းချောင်းမှာ ထင်ရှားပြီး ရန်ကုန်မြစ်ဝမှဖြတ်၍ အနောက်မှအရှေ့သို့ စီးဆင်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၀ တွင် တည်ရှိပြီး အမြင့်ဆုံးနေရာမှာ မီးသတ်စခန်းရုံးနေရာဖြစ်ပါသည်။ ကျောက်တန်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄.၁˚C ဖြစ်သည်။ ကျောက်တန်းမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိပြီး အခြားဒေသများသို့လည်း ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။ ကျောက်တန်းမြို့နယ်မှ ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မှာ မြို့နယ်၏ ကျက်သရေဆောင်စေတီတစ်ဆူဖြစ်သည်။

Attractions in ကျောက်တန်း