"ရေစကြို"

မြန်မာသက္ကရာဇ် (၂၇၇) ခုနှစ်တွင် ပုဂံပြည် သိန်းခိုမင်း၏ သားတော်များဖြစ်ကြသည့် စည်သူနှင့် ကျော်စွာ မင်းသား ၂ ပါး ရောက်ရှိစဉ် နယ်မြေဒေသ ဖွံ့ဖြိုးစည်ပင်ရေးအတွက် စပါးသီးနှံအဓိက စိုက်ပျိုးနိုင်စေရန် ဒေသအခြေအနေအရ ရေလုံလောက်စွာ ရရှိနိုင်အောင် သလ္လာဝတီမြစ် (ခေါ်) ချင်းတွင်းမြစ်ဆုံဝမှ ရေသွင်းတူးမြောင်းများ ဖောက်လုပ်၍ ရေကို သွယ်ယူသုံးစွဲခဲ့ကြသည်။ ရေကိုစတင်ကြိုယူရသောအရပ်ကို ရေစကြိုဟု ခေါ်ဝေါ်လူသိများလာပြီး ထိုအရပ်ရှိ ရွာငယ်လေးများကိုလည်း ရေ-စ-ကြိုဟု ခေါ်ဝေါ်လာခဲ့ကြပါသည်။ ကိုလိုနီခေတ်တွင် ချင်းတွင်းမြစ်ကြောင်း ဆက်သွယ်မှု အဓိကထား၍ ရေစကြိုမြို့တွင် မြို့ပိုင်ရုံးစိုက်လျှက် မြို့သတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀.၆.၇၂)၊ (၂၈.၂.၇၃)၊ (၂၃.၁၂.၉၄) ရက်စွဲပါ အမိန့်ကြေညာစာများဖြင့် မြို့နယ်၏ ရပ်ကွက်များ၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၈၁ စု၊ ကျေးရွာပေါင်း ၂၄၅ ရွာ ဖွဲ့စည်းထားရှိပါသည်။ လူဦးရေပေါင်း ၂၄၆၀၀၀ ကျော် နေထိုင်ကြသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၅၀ တွင် တည်ရှိသည်။ အရှေ့မှအနောက်သို့ ၁၅ မိုင် ၃ ဖာလုံ၊ မြောက်မှတောင်သို့ ၂၅ မိုင်ရှည်လျားပြီး ၃၈၅.၇၃ စတုရန်းမိုင်ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် မြင်းခြံမြို့နယ်၊ တောင်ဘက်တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘက်တွင် မြိုင်မြို့နယ်၊ မြောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ရေစကြိုမြို့နယ်သည် မြေပြန့်ဒေသဖြစ်ပြီး အမြင့်ဆုံးတောင်မှာ ရှင်မတောင်ဖြစ်သည်။ ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ မြို့နယ်၏အရှေ့ဘက်ကို မြစ်ဝကျွန်းပေါ်ဒေသ၊ အနောက်ဘက်ကို ကုန်းပိုင်းဒေသဟု ခေါ်ပါသည်။ ဒေသတွင်းရှိ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ တွေ့ဆုံရာဒေသတွင် သင်္ဘော၊ စက်လှေ၊ မော်တော်များ သွားလာနိုင်သည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ စီးပွားရေးအရ ဖွံ့ဖြိုးဆဲ မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် တောင်သူလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးနှင့် သနပ်ခါးစိုက်ပျိုးရေး လုပ်ငန်းကို  စီးပွားဖြစ်လုပ်ကိုင်ကြကာ အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ရေစကြိုမြို့နယ်မှ ပခန်းကျောင်းတော်ကြီးမှာ အထူးထင်ရှားသည်။

Attractions in ရေစကြို