"မြောင်းမြ"

မြောင်းမြမြို့နယ်သည် မြို့နယ်ဧရိယာအကျယ်အဝန်း ၄၄၈.၈၈ စတုရန်းမိုင်ရှိပြီး လူဦးရေပေါင်း ၃၀၄၅၉၁ ဦးခန့်နေထိုင်ပါသည်။ မြောင်းမြမြို့နယ်၏ အရှေ့ဘက်တွင် ဝါးခယ်မမြို့နယ်၊ တောင်ဘက်တွင် လပွတ္တာမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ငပုတော မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် အိမ်မဲမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြောင်းမြမြို့နယ်သည် အနောက်ဘက်တွင် သိလ္လာတောင်ကြော ရှိသည်မှအပ အများအားဖြင့် မြေပြန့်ချိုင့်ဝှမ်း၊ မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့်မြစ်ချောင်းများမှာ ပြာမလော့မြစ်၊ ငဝန်မြစ်၊ ရွေးမြစ်၊ ပမ္မဝတီမြစ်တို့ဖြစ်ပါသည်။ အမြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ ၎င်းမြစ်များသည် သင်္ဘော/ စက်လှေများလည်း သွားလာနိုင်သော မြစ်များဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

မြောင်းမြမြို့နယ်သည် ရှေးဟောင်းသမိုင်းဝင် နယ်မြေတစ်ခုဖြစ်ပါသည်။ မွန်တိ၊ မွန်စ၊ မွန်ညဒေသဟူသော မွန်သုံးရပ်အနက် မွန်ညဒေသတွင် ပါဝင်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း(၄၀၀၀)ခန့်က တည်ရှိခဲ့ကြောင်း တူးဖော်ရရှိ သည့်ရှေးဟောင်းပစ္စည်းအထောက်အထားများအရ သိရှိရပါသည်။ ဇမ္ဗူဒီပ ဦးဆောင်းကျမ်းစာမျက်နှာ (၅၅) အပိုဒ်၉(ဂ)အရ မြောင်းမြမြို့ကို အမတ်ကျန် စစ်သားဘိုးတော်မင်းလက်ထက် အကြေပုဂံဟု သမုတ်ခဲ့သည်။ ကျိုက်အမွန်(ခ)ဆိပ်ကြီး ( ယခုမြောင်းမြမှ အနောက်တောင်အရပ် ၇မိုင် ခန့်အကွာ)သည် ချောင်း၊ မြောင်း၊ တောင်ကုန်း၊ တောင်ကြောများ ပေါများပြီး သစ်ကြီး၊ ဝါးကြီးများထူထပ်၍ သဘာဝ မြေပြင်အနေအထားအား ခံတပ်နှင့် ကျုံးများသဖွယ်ရှိသောကြောင့် မြောင်းမြစားလောက်ဖျားသည် စစ်ရေးစစ်ရာ အတွက် ကောင်းမွန်သော၎င်းနေရာအား ကျိုက်မလိုင်ထောမြို့ (မြောင်းမြို့ဟောင်း)ကိုမြို့ရိုး၊ ကျုံးမလွတ်နုံး၊ ပြတိုက်စသော မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ဆောက်ခဲ့ကြောင်း အထောက်အထားများအရ သိရှိရသည်။ မြောင်းမြမြို့၏အမည်မှာ မွန်ဘာသာဖြင့် မင်မလ(မောင်မလဲ့)ဖြစ်ရာ မင်-နေသည်၊ မလ-မြရာပင်ဟု အဓိပ္ပါယ်ရသောကြောင့် မြရာကုန်းဟု ဖွင့်ဆိုနိုင်ပါသည်။

ဗြိတိသျှတို့သည် ၁၈၅၂ ခုနှစ် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက် ကိုလိုနီအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် မြောင်းမြမြို့ဟောင်းနေရာသည် လမ်းပန်းဆက်သွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် လွယ်ကူမှုမရှိသောကြောင့် ယခုမြောင်းမြမြို့နေရာသို့ ၁၈၆၂ ခုနှစ်တွင် ပြောင်းရွှေ့တည်ဆောက်ခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၃၀-၁၂-၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၃ /၃၉/အထ(၂ ) ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၅-၈-၂၀ဝ၈ ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၁ - ၆၉/ ဦး ၁ ဖြင့်ထုတ်ပြန်သော အမိန့်ကြော်ငြာစာအသီးသီးတို့ဖြင့် သတ်မှတ် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် မြောင်းမြမြို့ အားရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားရာမှ ရပ်ကွက် ၆ ခု တိုးချဲ့၍ ရပ်ကွက် ၁၆ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာအမှတ်၊ ၁၁၉၃ / ၂၀၁၈ ဖြင့် မုဆိုးကွင်းကျေးရွာအုပ်စု တွင်မူလကျေးရွာ ၁၆ ရွာရှိသည့်အနက်မှ ၁၁ ရွာပယ်ဖျက်ပြီး ဘုရားကုန်း ကျေးရွာ ၁ ရွာတိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။

Attractions in မြောင်းမြ