"ပေါက်"

ပေါက်မြို့နယ်သည် အရှေ့မှအနောက်သို့ ၃၆ မိုင်နှင့် တောင်မှ မြောက်သို့  ၅၂  မိုင် ရှည်လျားပါသည်။ ပေါက်မြို့နယ်၏ အရှေ့ဘက်တွင် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်၊ တောင်ဘက်တွင် ဆိပ်ဖြူမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက် ဘက်တွင် ဆောမြို့နယ်၊ ထီးလင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဂန့်ဂေါမြို့နယ်၊ ပုလဲမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ပေါက်မြို့နယ်သည် တောင်ကုန်းတောင်တန်းနှင့် လျှိုမြောင်ချိုင့်ဝှမ်းများ၊ ချောက်များ၊ ချောင်းများပေါများပြီး မြေပြန့်လွင်ပြင်များ နည်းပါးပါသည်။ ထင်ရှားသောတောင်များမှာ ဆေးကြီးတောင်၊ ပန်းစိမ်းတောင်၊ သာကြီးတောင်များရှိပြီး မြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းသည့် ထင်ရှားသောချောင်းများမှာ ယောချောင်းနှင့် ကျောချောင်း တို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ပေါက်မြို့နယ်သည် ရှေးဟောင်းသမိုင်းဝင် မြို့တစ်မြို့ဖြစ်ပြီး ယောမြို့၊ စော်ဘွားမြို့သူကြီး (၂၃) ဆက်အနက် (၂၀) ဆက် မြောက်သူကြီးဖြစ်သူ ဦးလုတ္တသည် ပေါက်မြို့တောင်ဘက် ၈ မိုင် အကွာတောင်ထွဋ်မြို့ခေါ် ကျောက္ကာကျေးရွာကို တည်ထောင်အုပ်ချုပ် ခဲ့ရာဦးလုတ္တ လုပ်ကြံခံရ၍ ကွယ်လွန်သည့် နောက်ပိုင်း၎င်း၏သား ဖြစ်သူဦးဖာသင် (မြန်မာသက္ကရာဇ် ၁၁၂၅-၁၁၃၈) ဆင်ဖြူရှင် လက်ထက်တွင် ကျောက္ကာကျေးရွာမှ ယောမြို့၊ဆောမြို့ နှင့်ထီးလင်း မြို့များသို့သွားလာရန်လွယ်ကူသည့် ပေါက်ရွာသို့ ပြောင်းရွှေ့ ရုံးစိုက် နေထိုင်ခဲ့ရာမှ ပေါက်မြို့ဟုပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ ပေါက်မြို့ဟု ခေါ်တွင်ရခြင်းမှာ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတို့၏ ဆေး စီရင်ရာတွင် အောင်မြင် ထွန်းပေါက်ခြင်း၊ ပေါက်ပင်၊ ပေါက်တောများကို ခုတ်ထွင်ရှင်းလင်း၍ မြို့ရွာတည်ခဲ့ရခြင်း၊ ယောမြို့ထွက်ပေါက်နေရာတွင် တည်ရှိခြင်း စသည့်အကြောင်းများကြောင့် ပေါက်မြို့ဟုခေါ်တွင်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန ၏ (၃၀-၆-၂၀၁၃)နေ့စွဲပါစာအမှတ်၊ ၁၀၃/၁၁/စိတ်(၁)ဖြင့် ထုတ်ပြန်သော အမိန့်ကြော်ငြာစာနှင့် (၂၇-၈- ၁၉၇၃) နေ့စွဲပါစာအမှတ်၊ ၂/ ၁၃၆/အထ(၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ (ပြင်ဆင်ချက်)ဖြင့် ပေါက်မြို့နယ်ကို ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၂၃၅ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။

Attractions in ပေါက်