"စဉ့်ကိုင်"

စဉ့်ကိုင်မြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၄၈ စု၊ ကျေးရွာပေါင်း ၁၆၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၆၇၆၇ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၁၃ မိုင်နှင့် တောင်မှ မြောက်သို့ ၁၅ မိုင် ရှည်လျားပါသည်။ စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်တွင် ကျောက်ဆည်မြို့ နယ်၊ တောင်ဘက်တွင် ကျောက်ဆည်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် အမရပူရမြို့နယ်၊ ပုသိမ်ကြီး မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် ရှမ်းရိုးမတောင်တန်း၏ တောင်စွယ်များတည်ရှိပြီး အခြားနေရာများမှာ ညီညာပြန့်ပြူးသော လွင်ပြင်ဒေသဖြစ်ပါသည်။

မြို့နယ်အတွင်း ဒုဌဝတီမြစ်သည် အရှေ့မှအနောက်သို့ ဖြတ်သန်း စီးဆင်းလျက်ရှိပြီး ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်တို့သည် ဒုဌဝတီ မြစ်အတွင်းသို့ တောင်မှမြောက်သို့ စီးဆင်းသောမြစ်များဖြစ်ပါသည်။ စွန်ရဲ အင်း၊ မင်းလှကန်တို့မှာလည်း ထင်ရှားသော ရေကန်များဖြစ်ပြီး စိုက်ပျိုးရေ ရယူသုံးစွဲလျက်ရှိသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ ကိန္နရာတောင် ဖြစ်ပြီး အမြင့်ပေ ၂၀၀၀ ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

စဉ့်ကိုင်မြို့နယ်တွင် ရှေးဟောင်းသုသေသန၏ တွေ့ရှိချက်အရ ကျောက်ခေတ် ယဉ်ကျေးမှုကိုတွေ့ရှိရပြီး နှောင်းခေတ်တွင်မှု ပဒေသရာဇ်တို့၏ အုပ်ချုပ်မှု အောက်တွင် တည်ရှိခဲ့ပါသည်။ အနော်ရထာမင်းမတိုင်မီ မွန်၊ ရခိုင်၊ ပလောင်၊ ဝ ၊ ဗမာတိုင်းရင်းသားများ နေထိုင်ခဲ့ကြပါသည်။ အင်းဝခေတ် ဇော်ဂျီ  ၅ ခရိုင်အပါအဝင်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုလက်ရှိစဉ့်ကိုင်မြို့နယ်သည် ယခင် ဆဌဂံကုန်းဟုခေါ်တွင်ခဲ့ကြောင်း၊ စဉ့်ကိုင်မြို့နယ်၏ တောင်ဘက် ၁ မိုင်ခန့် အကွာတွင် စဉ့်ကိုင်ကြီးရွာတည်ရှိပြီး ရာဇဝင်သမိုင်းများအရ ငစဉ့်ကိုင်ဟု ခေါ်တွင်ကာ အင်္ဂလိပ်အစိုးရလက်ထက်၌ “င” ဖြုတ်ပြီး စဉ့်ကိုင် ဘူတာစတင် ဖွင့်လှစ်ရာ ဘူတာအနီးတွင် ယခုစဉ့်ကိုင်မြို့ကို တည်ခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာ စာအမှတ် (၅၁၈) (၁၅-၇-၁၉၇၂) ရက်စွဲပါ စာအမှတ်၊ ဆ ၃/ ၄၂ စိတ်(၁)ဖြင့် မြို့နယ်/ရပ်ကွက်များ ကိုဖွဲ့စည်းပြီး (၂၅-၇-၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၃/ ၇၂ / အထ (၂)ဖြင့် ကျေးရွာ အုပ်စုနှင့် ကျေးရွာများ ကို ဖွဲ့စည်းခဲ့ပါသည်။

Attractions in စဉ့်ကိုင်