"ကမာရွတ်"

ကမာရွတ်မြို့နယ်သည် ခဝါသည်လင်မယား ဖိုးကမာနှင့်မယ်ကရွတ်တို့ကို အစွဲပြု၍ ကမာရွတ်ဟု ခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။ ၁၉၄၇ ခုနှစ်တွင် မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ကမာရွတ်မြို့နယ်ဟု သတ်မှတ်ခေါ်တွင်ခဲ့ပါသည်။ ကမာရွတ်မြို့နယ်ကို ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၈၂၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၀.၅ မိုင်၊ တောင်မှမြောက်သို့ ၁.၂၅ မိုင် ရှည်လျားပြီး ၂.၄ စတုရန်းမိုင် ရှည်လျားပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ အမြင့်ပေ ၅၀ ပေ အထက်တွင် တည်ရှိပါသည်။ ကမာရွတ်မြို့နယ်၏အရှေ့ဘက်တွင် ဗဟန်းမြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်၊ တောင်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်၊ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့ တည်ရှိပါသည်။ ကမာရွတ်မြို့နယ်သည် ပဲခူးရိုးမတောင်ဆွယ်၏ ဆင်ခြေလျော ဒေသတွင် တည်ရှိသဖြင့် မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးပါသည်။ ကမာရွတ်မြို့နယ်၏ အနောက်ဘက်တွင် လှိုင်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပြီး အရှည်မှာ ၀.၅ မိုင်၊ အကျယ်မှာ ၀.၁ မိုင်ဖြစ်ပါသည်။ ကမာရွတ်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ စီးပွားရေး အချက်အချာကျသော မြို့နယ်ဖြစ်ပြီး ဒေသခံများသည် အရောင်းအဝယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကမာရွတ်မြို့နယ်သည် ကုန်းလမ်းများဆုံရာတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ကမာရွတ်မြို့နယ်မှ ဦးသန့်နေအိမ်ပြတိုက်၊ ရန်ကုန်တက္ကသိုလ်တို့မှာ ထင်ရှားပါသည်။

Attractions in ကမာရွတ်