"ဝိုင်းမော်"

ဝိုင်းမော်မြို့ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၂၈.၂.၁၉၇၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းခဲ့ပါသည်။ ဝိုင်းမော်မြို့နယ်သည် ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာပေါင်း ၁၇၀ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၁၂၀၀၀၀ ကျော် နေထိုင်ပါသည်။ ဝိုင်းမော်မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၈၈၃.၁၇ မိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဆဒုံးမြို့၊ ကန်ပိုက်တီမြို့၊ တရုတ်နိုင်ငံ၊ တောင်ဘက်တွင် မိုးမောက်မြို့နယ်၊ အနောက်ဘက်တွင် မြစ်ကြီးနားမြို့နယ်၊ မြောက်ဘက်တွင် အင်ဂျန်းယန်မြို့နယ်၊ ချီဖွေမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ဝိုင်းမော်မြို့နယ်၏ မြေဧရိယာ အကျယ်အဝန်း၏ သုံးပုံနှစ်ပုံခန့်မှာ တောင်ကုန်းတောင်တန်းများဖြစ်ပြီး ကျန်မြေဧရိယာများသည် မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများဖြစ်သည်။ ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ စီးဆင်းပါသည်။ နန့်မြစ်ချောင်း၊ မေခမြစ်၊ ဒွန်ဘန်ချောင်း၊ မလိချောင်းနှင့် ဒဘတ်ချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်း၍ ဧရာဝတီမြစ်သို့ ပေါင်းဆုံပါသည်။ ဝိုင်းမော်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၈၁ ပေ အထက်တွင် တည်ရှိပါသည်။ ဝိုင်းမော်မြို့နယ်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၉˚C ဖြစ်သည်။ ဝိုင်းမော်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်ဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည့်အပြင် မွေးမြူရေး လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ဝိုင်းမော်မြို့နယ်မှ အခြားဒေသများသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိက ထွက်ကုန်မှာ ဆန် စပါး ဖြစ်သည်။

Attractions in ဝိုင်းမော်