"အမ်း"

အမ်းမြို့နယ်သည် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၂၄၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၁၅၉၄၁ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၂၃၁၆.၈၇ စတုရန်းမိုင်ရှိပါသည်။ အမ်းမြို့နယ်၏အရှေ့ဘက်တွင် ငဖဲမြို့နယ်၊မင်းတုန်းမြို့နယ်၊ တောင်ဘက်တွင် တောင်ကုတ်မြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စေတုတ္တရာမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

အမ်းမြို့နယ်သည် တောင်ကုန်း၊ တောင်တန်းများ ပေါများပြီး သစ်တောများထူထပ်သော ဒေသတစ်ခုဖြစ်ပါသည်။ ရခိုင်ရိုးမတောင်တန်းသည် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိပါသည်။ အမ်းမြို့နယ်ရှိ ထင်ရှားသောတောင်တန်းမှာ ရခိုင်ရိုးမတောင်တန်းဖြစ်ပါသည်။

အမ်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်သည့်အပြင် မြစ်ချောင်းများ ပေါများပါသည်။ မြစ်ချောင်းများပေါများသည်နှင့်အညီ အမ်းမြို့သည်လည်း မြစ်ချောင်းနံဘေးတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပါသည်။ အမ်းချောင်းသည် နွေရာသီတွင်အနက် ၅ ပေသာရှိသော တောင်ကျ ချောင်းတစ်ချောင်း ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

အမ်းမြို့အား စတင်တည်ထောင်သောခုနှစ် အတိအကျ မသိရသော်လည်း အလွန်ရှေးကျသော မြို့တစ်မြို့ဖြစ်သည်ဟု သမိုင်းအထောက်အထားများအရ သိရှိရပါသည်။ လူတို့၏သက်တမ်း (၂၀၀၀)ခန့်က လုဠဒေ၀ မင်းကြီး၏ အမဖြစ်သူ ကဉ္စနဒေဝီနှင့် ပရောဟိတ်ပုဏ္ဏားတို့သည် သံတွဲမြို့မှ ပြန်လာခဲ့ရာ အမ်းချောင်းသို့အရောက်တွင် ကဉ္စနဒေဝီက ဤမြစ်သည် အံ့ဖွယ်ရှိတကားဟု ဆိုခဲ့သည်ကိုအစွဲပြု၍ "အံ့ချောင်း"မှသည် အမ်းချောင်းဟု ခေါ်တွင်ခဲ့ကြောင်း အဆိုရှိခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ အမ်းမြို့သည် ကောဇာသက္ကရာဇ် (၆၄၁)မှ (၇၅၁)အတွင်း နန်းတက်သည့် ရခိုင်ဘုရင် မင်းထီးသည် အမ်းနယ်စားအောင်သူ၊ ဒါးလက်နယ်စား ကျော်ပုံ၊ ရူးနယ်စား ညိုရောင်တို့ကို ကောဇာသက္ကရာဇ် (၆၉၄) ခန့်တွင်အုပ်ချုပ် စေကြောင်း မြို့နယ်ဖြစ်စဉ် မှတ်တမ်းများအရ သိရှိရပါသည်။

ထို့အပြင် ပဲခူးမြို့ မင်းကျောင်းဆရာတော် ရေးသားသည့် ဓည၀တီ ရာဇ၀င်သစ်တွင် မင်းဖလောင်းလက်ထက် (၉၁၅)ခုနှစ်၌ ဟံသာမြို့စားသမီး မြသမွန်အား အမ်းစားတော်မူသည်ဟု အမ်းနှင့်ပတ်သက်၍ မှတ်တမ်း အထောက်အထားများအရသိရပါသည်။ ထို့အပြင် (၁၁၄၃)ခုနှစ် ဓမ္မရာဇာမင်းလက်ထက် အမ်းစားက စဉ့်ကူမင်းထံ စစ်ကူတောင်းခဲ့သည်ကိုလည်း သမိုင်းအထောက်အထား များအရ သိရပါသည်။

အမ်းမြို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော မြို့ တစ်မြို့ဖြစ်ခဲ့ပြီး၊ အသစ်သစ်သော ပြုပြင်တည်ဆောက်မှုများရှိခဲ့ရာ အမ်းမြို့ကို အမ်းချောင်း၏ မြောက်ဘက်ကမ်းရှိ မြောက်ဘက်ရပ်ကွက်၌ ဥဩ တွန်လှစ် အမ်းသက္ကရာဇ်ဟု ဆိုသော ဆိုရိုးစကားအရ ကောဇာသက္ကရာဇ် ၁၁၇၄ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း အဆင့်ဆင့်ပြောဆိုမှု (ပါးစပ်ရာဇ၀င်) များအရ လေ့လာသိရှိရသော်လည်း အတိအကျ အထောက်အထား မတွေ့ ရှိရပါ။ အမ်းမြို့၏ သမိုင်းအထောက်အထားများအရ (၁၈၂၆) ခုနှစ်၊ ဗြိတိသျှမအုပ်ချုပ်မီ မြန်မာမင်းများလက်ထက်က ပြည်နယ် ၃ ခုခွဲ၍ အမ်းမြို့ကို အမ်းမြို့ဝန် အုပ်ချုပ်ခဲ့ကြောင်းတွေ့ရှိရပါသည်။ (၁၈၂၆) ခုနှစ်တွင် အင်္ဂလိပ်အုပ်ချုပ်မှုလက်အောက်သို့ ရောက်ရှိခဲ့စဉ် ဒီစကြိတ် (၂)ခုခွဲ၍ အုပ်ချုပ်ခဲ့ရာ အမ်းနယ်မှာ ရမ်းဗြဲဒီစကြိတ်နယ်တွင် ပါ၀င်ခဲ့ပါသည်။ (၁၈၂၇)ခုနှစ်တွင် သံတွဲနှင့် အမ်းကိုပေါင်း၍ သံတွဲဒီစကြိတ်ဟု ဖွဲ့စည်း ပြန်သည်။ (၁၈၃၃)ခုနှစ်တွင် စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲတို့မှ တိုက်နယ် ၁၇ ခုခွဲ၍ အမ်းဒီစကြိတ်ကို ဖွဲ့စည်းပြီး ဒီစကြိတ်အရာရှိရုံးကို အမ်းမြို့၌ ရုံးစိုက်ခဲ့ကြောင်းနှင့် (၁၈၃၃)မှ (၁၈၃၇)ခုနှစ်ကြား အမ်းဒီစကြိတ်အရာရှိ ၃ ဦး အုပ်ချုပ်ခဲ့ရာ အရာရှိ ၃ ဦး ငှက်ဖျားဖြင့် ဆက်တိုက်သေဆုံးသဖြင့် စတုတ္ထအရာရှိ အေစီပရေနီသည် (၁၈၃၇)ခုနှစ်တွင် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့ကြောင်း သိရှိရပါသည်။

တပ်တောင်မြို့ကို . ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၃.၆.၂၀၁၇)ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ် (၇၉၉/၂၀၁၅)ဖြင့် အမ်းမြိုနယ်၊ လောင်းဒုံးကွင်း ကျေးရွာအုပ်စုရှိ တပ်တောင်ကျေးရွာနှင့် ငရုပ်တောင်ကျေးရွာ ၂ ရွာအား ရပ်ကွက် ၃ ရပ်ကွက်ပါဝင်သော တပ်တောင်မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Attractions in အမ်း