"ခန္တီး"

ခန္တီးမြို့နယ်သည် အရှေ့နှင့် အနောက် ၇၂ မိုင် ၄ ဖာလုံ ရှည်လျားပြီး တောင်နှင့်မြောက် ၈၃ မိုင် ၆ ဖာလုံ ရှည်လျားပါသည်။ မြို့နယ်၏မြောက်ဘက်တွင် နန်းယွန်းမြို့နယ်၊ အရှေ့ဘက်တွင် တနိုင်း မြို့နယ်နှင့် ဖားကန့်မြို့နယ်၊ တောင်ဘက်တွင် လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်၊ အနောက်ဘက်တွင် လဟယ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။  မြေပြန့်လွင်ပြင် အလွန် နည်းပါးပြီး မြို့နယ်၏အလယ်တွင် ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းလျက် ရေစီးသန်သည့် ချောင်းငယ်များ ပေါများသည့်အပြင် မတ်စောက်သောကမ်းပါး များရှိခြင်းကြောင့် သွားလာမှုခက်ခဲပါသည်။ ချင်းတွင်းမြစ်ဝှမ်းအတွင်း ဝဲ/ ယာစီးဆင်းကြသည့် နန်ဖုတ်ချောင်း၊ နမ့်မော်ချောင်း၊ နန်တုန်ထွန်းချောင်း၊ နန့်ကတောချောင်း၊ နန်စီပွန်ချောင်း၊ နန့်စဝါးချောင်း၊ နန့်စလူးချောင်း၊ နန်ပမင်ချောင်း၊ နန်ဖီလင်းချောင်း၊ နန်တဝက်ချောင်း၊ နန်အီမဲချောင်းတို့ စီးဝင်လျက် ချောင်းအနီးတဝိုက် ကမ်းဘေးဝဲ/ယာတွင် မြေပြန့်အနည်းငယ် ရှိပါသည်။ တောင်တန်းများအနေဖြင့် မြို့နယ်၏မြောက်ပိုင်းတွင် စွမ်ပရာဘွမ်၊ ဗလောင်ရကာဘွန်၊ ကရာဘွန်၊ ငလန်ဘွမ်၊ မလ်ဘွမ်/အင်ကမ်ဘွမ်တို့ရှိပြီး ချင်းတွင်းမြစ်အနောက်ဘက်ပိုင်းတွင် စာရာမေရိတောင်မှ ဆင်းသက်လာ သည့် မူရာကျိမ်ညူတောင်၊ ဗပါချောင်၊ လွမ်ပေါဆိပ်မောင်အီကိုတောင်၊ ဆိုင်ကာဘွမ်စသည့် တောင်တန်းများရှိပါသည်။ချင်းတွင်းမြစ်မှာ နွေရာသီတွင် ရေအနက်(၂)ပေခန့်သာရှိ၍ သင်္ဘော/စက်လှေများ သွားလာမှု ခက်ခဲသော ဒေသတစ်ခုဖြစ်ပါသည်။ ခန္တီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၀ အထက် တည်ရှိပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ စာရာမေတိ တောင်ဖြစ်ပြီး အမြင့်ပေ ၁၂၅၅၃ ရှိပါသည်။ မြို့နယ်အတွင်း အနိမ့်ဆုံးဒေသ မှာ ဆင်သေကျေးရွာအုပ်စု၊ နန်မုံကျေးရွာဖြစ်ပြီး အမြင့်ဆုံးဒေသမှာ ခမောင်း ကျေးရွာအုပ်စု၊ ခမောင်းရွာ ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ခန္တီးမြို့နယ်၏ နယ်မြေအားလုံးသည် (၁-၁- ၁၉၄၀)နေ့ မတိုင်မီက အထက်ချင်းတွင်းခရိုင်၌ ပါဝင်ခဲ့သည်။ (၂၁-၁၂-၃၉)ရက်စွဲပါ အမိန့်ပြန်တမ်းအမှတ်(၆၂၉)ဖြင့် (၁-၁-၄၈)ရက်နေ့မှစ၍ နာဂတောင်တန်းခရိုင်ဟု သတ်မှတ်ခဲ့ပြီး ခန္တီးမြို့နယ်တစ်စိတ်တစ်ဒေသသည် . ခန္တီးစော်ဘွားနယ်တွင် ပါဝင်ခဲ့ပါသည်။ ယခင်ခရိုင်ဝန်သည် ဟုမ္မလင်းတွင် ရုံးစိုက်ပါသည်။

(၂-၆-၁၉၄၇)ရက်စွဲပါ နယ်ခြားအုပ်ချုပ်ရေး ပြန်တမ်းအမှတ် (၂၀၅) အရ နာဂတောင်တန်းခရိုင်တွင် (က)နာဂတောင်တန်းဒေသ (ခ)ဇင်္ဂလိန်းခန္တီးနယ်မြေ (ဂ)သောင်သွပ်ရှမ်းစော်ဘွားနယ်မြေဟု သတ်မှတ် ပါဝင်ပါသည်။ ယင်းအမိန့်အရ ခရိုင်ရုံးကို ဟုမ္မလင်းမြို့မှ ခန္တီးမြို့သို့ ပြောင်းလဲရုံးစိုက်ခဲ့ ပါသည်။ ၁၉၂၆ခုနှစ်၊ သောင်သွပ်နှင့် ဇင်္ဂလိန်းခန္တီးဥပဒေနှင့် ရာဇဝတ် တရား စီရင်ရေးအမိန့်အရ ကျန်ဒေသများကို ချင်းတောင်တန်း စည်းမျဉ်းဥပဒေအရ ကျင့်သုံးအုပ်ချုပ်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် (၃၀.၁၁.၅၂)ရက်နေ့ သောင်သွပ်စော်ဘွား နှင့် ခန္တီးစော်ဘွားတို့ . အာဏာစွန့်ပြီးနောက် ခန္တီးစော်ဘွားနယ်မြေအတွက် မြို့မ ဝန်ထောက်ကလည်းကောင်း အုပ်ချုပ်ရေးမှူးတာဝန်ယူ အုပ်ချုပ်ခဲ့ပါသည်။ (၂.၃.၁၉၆၅)နေ့စွဲပါ ကြော်ငြာစာအရ နာဂတောင်တန်းခရိုင်ကို ခန္တီးခရိုင်ဟု ပြောင်းလဲသတ်မှတ်ခဲ့ပြီး ခန္တီးမြို့တွင် မြို့နယ်တိုက်နယ်ခွဲအဖြစ် ဆင်သေနှင့် ကောင်းဟိန်တို့ကို သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။

စော်ဘွားများ၏ နောက်ဆုံးစော်ဘွားမှာ သီရိပျံချီစင်မြစိန်ဖြစ်ပြီး ၁၉၅၂ခုနှစ် တွင် အာဏာစွန့်ခဲ့ပြီးနောက် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ (၂၂.၇.၇၂) နေ့ အမိန့်ကြော်ငြာစာဖြင့် ခန္တီးမြို့အား ရပ်ကွက်(၇)ခုဖြင့်လည်းကောင်း၊ (၂၅.၁၁. ၁၉၇၂)ရက်နေ့ အမိန့်ကြော်ငြာစာအရ ယခင်အမိန့်ကို ပြင်ဆင်၍ ရပ်ကွက်(၃)ခုဖြင့် လည်းကောင်း မြို့ဟုသတ်မှတ် ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

Attractions in ခန္တီး