"ချောင်းဦး"

ချောင်းဦးမြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၈၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၀၉၆၉၉ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက်သို့ ၁၄ မိုင် ၄ ဖာလုံနှင့် တောင်မှမြောက်သို့ ၁၃ မိုင် ၇ ဖာလုံရှည် လျားပါသည်။ အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်နှင့် မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ ချောင်းဦးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်(၂၅၆)ပေတွင် တည်ရှိပြီး မြို့နယ်၏ မြေမျက်နှာပြင်ကို (၃)ပိုင်း ခွဲခြားထားပါသည်။(၁) မြို့နယ်၏ အနောက်တောင်ကုန်းပိုင်း(၂)မြစ်ရေမဝင်သော အလယ်ပိုင်း ဒေသမြေမြင့်ပိုင်း၊ (၃)မြို့နယ်၏ တောင်ဘက်နှင့်အနောက်ဘက်တောင် ဘက်ခြမ်းမြစ်ရေဝင်သော မြေနိမ့်ပိုင်းတို့ဖြစ်ပါသည်။ ချောင်းဦးမြို့နယ်သည် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့စီးဆင်းလျှက်ရှိပါသည်။ ထင်ရှား သော မြစ်မှာ ချင်းတွင်းမြစ်ဖြစ်ပြီး မြို့၏ အနောက်ဘက်မှဖြတ်၍ မြောက်မှ တောင်သို့စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

ချောင်းဦးမြို့သည် ရှေးနှစ်ပေါင်းတစ်သန်းကျော်ကပင် လူနေထိုင်ခဲ့သော အထောက်အထားများရှိပါသည်။ ၁၉၈၁ ခုနှစ်၊ ဧပြီလတွင် မန္တလေး တက္ကသိုလ် ဘူမိဗေဒကထိကဦးဘမော်နှင့် ကျောင်းသားများ ကွင်းဆင်းလေ့လာစဉ် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာ၏ အနောက် မြောက်ဘက် တစ်မိုင်ခန့် အကွာ ရွှေမြင်တင်တောင်တန်းဒေသ ဒင်္ဂါးကုန်း အနီးရှိ ကြွယ်သာကုန်းတွင် တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းလူအံ သွားဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ ချောင်းများ၏ဦးတိုက်ရာ အရပ် ချောင်းများ၏အစဖြစ်၍ ချောင်းဦးဟု ခေါ်ဝေါ်ခဲ့ကြောင်းနှင့် သက္ကရာဇ်(၂၇၉)တွင်နန်းတက်သော ညောင်ဦးစောရဟန်းခေါ် တောင်သူကြီးမင်းသည် (၂၈၇)ခု၊တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ တနင်္ဂနွေနေ့တွင် ချောင်းဦးရွာကို ရွာမပြု၍ အရန်ရွာငယ် ၉ ရွာနှင့် ချောင်းဦး ၁၀ ရွာကို စုပေါင်းမြို့တည်ရာ မြို့ရွာစည်ပင်တိုးတက်၍ အန္တရာယ်ကင်းစေရေး အတွက်ဒေါင့် ၄ ဒေါင့်တွင် ဓါတ်အင်း ၄ ချပ်ကို မြေတူးမြှုပ်နှံစဉ် သံတူရွင်းမှ မီးတောက်၍ "သံတောက်" ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြောင်းသိရပါသည်။

ထို့အပြင် သက္ကရာဇ်(၅၅၆)တွင် ရေထိုးခဲ့သော သမံတဇာကျောက်စာအရ သက္ကရာဇ်(၅၃၆)တွင် နန်းတက်သော နရပတိစည်သူမင်းကြီးလက်ထက် ၌ " လေးသောင်းအရပ် " ဟူ၍လည်းကောင်း၊ ချောင်းဦးအရပ်ဟူ၍လည်း ကောင်း၊ သက္ကရာဇ်(၇၁၈)ခုနှစ်တွင် ရေးထိုးခဲ့သော ခင်မွန် ရွာ ရွှေစည်းခုံဘုရားကျောက်စာအရ " ချောင်းဦးမြေ" ဟု ဖော်ပြထားသည်ကို လည်း အထင်အရှားတွေ့ရှိရပါသည်။

မြို့ပေါ်ရပ်ကွက်များတွင်လည်း ကျန်စစ်မင်း တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများရှိသည်။ ဥပမာအားဖြင့် မန်ကျည်းတောကျောင်းတိုက်ရှိ ဝင်္ခယစေတီတော်၊ ထီးလှိုင်ရှင်ကျောင်းရှိ ထီးလှိုင်ရှင်စေတီတော်တို့ဖြစ်သည်။ မြို့နယ်အဝှမ်း အခြား ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးစေတီ၊ ကျောင်းတော်များလည်း ရှိနေသေးသည်။

Attractions in ချောင်းဦး