"ဖြူး"

ဖြူးမြို့နယ်သည် ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၅၈ စု၊ ကျေးရွာပေါင်း ၃၁၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၆၃၃၇၄ ကျော်နေထိုင်ပါသည်။  မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၅ မိုင်နှင့် တောင်မှမြောက်သို့  ၁၉ မိုင်ရှည်လျားပါသည်။ ဖြူးမြို့နယ်၏ အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီး မြို့နယ်၊ တောင်ဘက်တွင် ကျောက်တံခါးမြို့ နယ် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် နတ္တလင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်၊ မြောက်ဘက်တွင် အုတ်တွင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါ သည်။

ဖြူးမြို့နယ်သည် အနောက်ဘက် ၄ မိုင်အကွာတွင် မိုင်အကွာတွင် ပဲခူးရိုးမနှင့် အရှေ့ဘက် ၁၁ မိုင်အကွာတွင် စစ်တောင်းမြစ်တို့အကြား မြေပြန့်လွင်ပြင်ဖြစ်ပါသည်။

ဖြူးမြို့နယ်၏ အရှေ့တောင်ဘက်တွင် အင်းအိုင်ချိုင့်ဝှမ်းအဖြစ် ရေနက်ကွင်းဧရိယာ အနည်းငယ်ရှိသည်မှအပ စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်သည့် မြေပြန့်ဖြစ်ပါသည်။

ဖြူးမြို့နယ်အတွင်း ပဲခူးရိုးမကိုအခြေခံ၍ အနောက်ဘက်မှ အရှေ့ ဘက်သို့ စီးဆင်းသည့် အဓိကချောင်းကြီး  ၆ ခုရှိပါသည်။ ၎င်းတို့မှာ ကြို့ကိုင်းချောင်း  ကျောက်ကြီးချောင်း ၊ ဖြူးချောင်း၊ နတ်စင်ချောင်း၊ ဇဟားချောင်း၊ သစ်ပတ်ချောင်းနှင့် ကွန်းချောင်းတို့ဖြစ်ပါသည်။ ဖြူးချောင်းမှာ  ၁ နာရီလျှင်  ၁.၃၄၆ မိုင်နှုန်း၊ ကွင်းချောင်းမှာ  ၁ နာရီလျှင်  ၂.၄၀၃ မိုင်နှုန်း စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ပျူခေတ်အတွင်းက တောင်ငူမြို့ အထက်ဘက်၌ ကမ်းပါးမြင့်ခေါ် ဆွာမြို့၊ ကြက်ခတ်ဝါးရံခေါ် ဒွါရာဝတီမြို့ များမှာ ပျူမင်းများသည် မွန်များ၏ မကြာခဏ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသဖြင့် ..ကြာလတ်သော် ယာယီ ထီးနန်းသစ် စိုက်ပြီးလျှင် ပုန်းအောင်းနေထိုင်ကြရသည်။ ထိုသို့ ပျူမင်းများ ပုန်းအောင်းရာဒေသကို မင်းပုန်းဟုခေါ်တွင်ခဲ့ရာ ယနေ့ခေတ်တိုင် မင်းပုန်း၊ ရေဝေ၊ လက်ပံကွင်း၊ ချင်းလယ် ဟူ၍ တောင်ပေါ်ရွာဟောင်းများအဖြစ် တည်ရှိခဲ့ပါသည်။ ထိုသို့ပျူလူမျိုးများ နေထိုင်ရာဒေသမှ စတင်စီးဆင်း လျက်ရှိသော ချောင်းကို ပျူ ချောင်းဟု ခေါ်တွင်ခဲ့ကြောင်း သိရှိမှတ်သား ရပါသည်။ ထို့အပြင် ဇေယျဝတီမြို့ ဟောင်း တည်ရှိရာ အဘယမုနိ ဘုရားကြီး၏ မော်ကွန်းတင်သမိုင်းတွင် သက္ကရာဇ် ၉၁၂ ခုနှစ်တွင် သားတော် တပင်ရွှေထီး နတ်ရွာစံပျော် မီးငြိမ်းပြီးသည့်ကာလ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်ကျော်ထင်သည် ရာမညတိုင်း၊ တံမ္ပဝတီတိုင်း၊ သုနာပရန္တတိုင်း၊ ကိုးတိုင်းကိုးဌာနကို အပိုင်သိမ်းယူပြီးသည့်နောက် တောင်ငူ ကေတုမတီ မြို့ကို နန်းစံတော်မူပြီးလျှင် ဇေယျဝတီမြို့ကို ကေတုမတီမြို့ တောင်တံခါးမြို့ ခြေရင်းက သတိုးမင်းလှကျော်ထင်ကို အကြီးအမှူးပြု၍ ပျူချောင်း မြောက်ဘက်ကမ်းထိပ် ဟူ၍ တွေ့ရှိရသည်။ ဇေယျဝတီမြို့ဟောင်းအနီးတွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ယခု ဖြူးချောင်းဟု ခေါ်တွင်သည့် ချောင်းမှာ ယခင်က ပျူချောင်းဟု ခေါ်တွင်ခဲ့ကြောင်း ထင်ရှားပါသည်။

ဇေယျဝတီမြို့ဟောင်း တည်ထားသည့်နေရာ၏ အနောက်ဘက်  ၃ မိုင်ခန့်အကွာ ပျူချောင်းဘေးတွင် ရွာကြီး ၁ ရွာရှိခဲ့ရာ ထိုရွာကို ပျူရွာဟု ခေါ်တွင်ခဲ့ကြကြောင်း သိရှိရပါသည်။ ထို့အပြင် မြန်မာသက္ကရာဇ်  ၆၆၁  ခုနှစ်တွင် တောင်ငူမြို့ကို တည်ထောင်သော သဝန်ကြီး၊ သဝန်ငယ်တို့၏ ဖခင်ဖြစ်သူ သဝန်လက်ယာအား ကမ်းပါးမြင့်ခေါ် ဆွာမြို့၌ မင်းပြုလျက် စိုးစံနေတော်မူစဉ် မွန်ဘုရင် ဝါရီရှု့သည် အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ရာ အောင်မြင်သည်နှင့် သဝန်လက်ရာနှင့် မိဘုရားကြီး သားသမီးများအား ခေါ်ဆောင်ပြီးလျှင် ပျူရွာကြီးတွင် အကျယ်ချုပ်ထားရှိကြောင်း ထိုပျူရွာအား ယခုအခါ ဖြူးမြို့ပင် ဖြစ်ကြောင်း တောင်ငူသမိုင်းအရ သိရှိရပါသည်။

ခရစ်သက္ကရာဇ်  ၁၈၉၀ ခုနှစ်ခန့်က ရန်ကုန်မြို့မှ တောင်ငူမြို့သို့ မီးရထားလမ်း ဖောက်လုပ်သောအခါ မီးရထားဘူတာ၏ အမည်ကို ပျူဘူတာဟု မှည့်ခေါ်လာခဲ့ရာမှ ကာလကြာမြင့်သောအခါ ဖြူးအမည်သို့ ရွေ့လျားပြောင်းလဲလာကြောင်း သိရှိရပါသည်။

ဖြူးမြို့နေရာတွင် မူလက ရွာမျှသာရှိခဲ့သော်လည်း တဖြည်းဖြည်း လူနေစည်ကားလာရာ  ၁၉၀၄ ခုနှစ်တွင် ဖြူး - ထန်းကုန်း - အုတ်ဖြတ်လမ်း ဖောက်လုပ်ခဲ့ပြီး ပိုမိုစည်ကားလာပါသည်။ သို့ဖြစ်၍  ၁၉၀၅ ခုနှစ်တွင် မြို့ကွက်ဖော်ကာ  ၁၉၀၆ ခုနှစ်တွင် ယခု ရဲတပ်ဖွဲ့ စခန်းနေရာ၌ မြို့ပိုင်ရုံး စိုက်ပြီး မြေ ၁ ကွက်လျှင်  ၁၂၅ ကျပ်နှုန်း သတ်မှတ်ကာ ဂရံမြေကွက်များ ချထားခဲ့ပြီး ယင်းနှစ်အတွင်းမှာပင် ပဲခူးလမ်းမကြီးကို ဖြူးမြို့အတွင်းမှ ဖြတ်ပြီး ဖောက်လုပ်ခဲ့ရာ ယင်းလမ်းမကြီးဘေး တစ်ဘက်တစ်ချက်တွင် ပိုမိုစည်ကားလာပါသည်။  ၁၉၁၀ ခုနှစ်တွင် သက်ကယ်မိုး စာသင်ကျောင်း တစ်ဆောင်ကို ယခု အထကကျောင်းဝန်းအတွင်း ဆောက်လုပ်ပြီး  ၁၉၂၀  ပြည့်နှစ်တွင် အမျိုးသားအထက်တန်းကျောင်းကို ဆောက်လုပ်ခဲ့ပါသည်။

Attractions in ဖြူး