"မိုင်းဆတ်"

မိုင်းဆတ်မြို့ကို မြို့စားများက အစဉ်အဆက် အုပ်ချုပ်လာခဲ့ရာ နောက်ဆုံးမြို့စားအမည်မှာ ဦးစဝ်ကော်ဖြစ်ပါသည်။ မိုင်းဆတ်မြို့နယ်ကို ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ (၄.၈.၁၉၇၂) ရက်စွဲပါ စာဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ မိုင်းဆတ်မြို့နယ်သည် ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၆ အုပ်စု၊ ကျေးရွာပေါင်း ၂၃၀ ရွာဖြင့် ဖွဲ့စည်းထားပါသည်။ လူဦးရေပေါင်း ၁၀၀၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၄၅ မိုင်၊ တောင်မှမြောက်သို့ ၆၅ မိုင် ရှည်လျားပြီး ၁၉၁၀.၆၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် တာချီလိတ်၊ တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မိုင်းတုံ၊ မြောက်ဘက်တွင် ကျိုင်းတုံမြို့နယ်တို့ တည်ရှိသည်။ တောင်ကုန်းတောင်တန်းများ ပေါများပြီး မိုင်းဆတ်မြို့၊ မိုင်းခုတ်မြို့နှင့် မိုင်းတွမ်းမြို့တို့တွင်သာ မြေပြန့်လွင်ပြင်များ ရှိသည်။ အဓိကချောင်းများမှာ နမ့်ဆင်ချောင်း၊ နမ်းခုတ်ချောင်းနှင့် နမ့်ဆွမ်ချောင်းတို့ ဖြစ်သည်။ ထင်ရှားသော တောင်များမှာ လွယ်မန်တောင်၊ လွယ်ဆမ်ဆုံတောင်၊ လွယ်ခမ်းတောင်နှင့် လွယ်ကျန့်တောင်တို့ ဖြစ်သည်။ နမ့်ဆင်ချောင်းသည် မိုင်းဆတ်မြို့နယ်နှင့် မိုင်းပျင်းမြို့နယ်တို့အား ပိုင်းခြားထားပါသည်။ နမ့်ဆင်ချောင်း၊ နမ့်ခုတ်ချောင်း၊ မယ်ဆွမ်ချောင်းနှင့် မယ်ပန်ချောင်းတို့မှာ ရေချိုများဖြစ်ပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ မိုင်းဆတ်မြို့နယ်တွင် လှေ၊ သင်္ဘောများ သွားလာနိုင်ခြင်း မရှိပါ။ မိုင်းဆတ်မြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မှာ ၁၈၇၅ ပေ ဖြစ်သည်။ မိုင်းဆတ်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ မိုင်းဆတ်မြို့နယ်သည် စီးပွားရေးအရ နိမ့်ကျသော ဒေသတစ်ခုဖြစ်၍ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း အနည်းငယ် လုပ်ကိုင်ကြသည်။ မိုင်းဆတ်မြို့နယ်သည် မိုင်းတုံမြို့နယ်မှ တာချီလိတ် မြို့နယ်သို့ သွားရာ လမ်းမပေါ်တွင် တည်ရှိပါသည်။ အဓိကထွက်ကုန်မှာ စပါးဖြစ်ပါသည်။

Attractions in မိုင်းဆတ်