"ယင်းမာပင်"

ယင်းမာပင်မြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄၂ စု၊ ကျေးရွာပေါင်း ၁၆၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၅၆၀၀၀ ကျော် နေထိုင်ပါသည်။ ယင်းမာပင်မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၆ မိုင်၊ တောင်မှမြောက်သို့ ၁၅.၅ မိုင်ရှည်လျားပါသည်။ ယင်းမာပင်မြို့နယ်သည် ၃၆၂.၇၀၅ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်၊ အနောက်ဘက်တွင် ပုလဲမြို့နယ်၊ ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးပါသည်။ တောင်ကျယမားချောင်းသည် အနောက်မှအရှေ့သို့၊ တင်ဆုံချောင်းသည် အနောက်မြောက်မှအရှေ့တောင်သို့ စီးဆင်းပါသည်။ ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့ စီးဆင်းပြီး မိုးအခါတွင် ရေစီးမြန်ပါသည်။ မြောက်ယမားချောင်းသည် တင်ဆုံချောင်းနှင့် ပေါင်းဆုံပြီး ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၄၀၀ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဝါးစိမ်းတောင် (၂၉၈၂ပေ) ဖြစ်သည်။ ပူပြင်းသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ ဂျုံ၊ ကုလားပဲ၊ နှမ်း၊ နေကြာတို့ ဖြစ်သည်။

Attractions in ယင်းမာပင်