"မင်းကင်း"

မင်းကင်းမြို့နယ်သည်မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၏ အနောက် မြောက်ဘက် မိုင် ၂ဝ အကွာ၌ တည်ရှိပါသည်။ မြို့နယ်၏ပုံသဏ္ဍာန်မှာ တောင်မြောက်ရှည်လျားပြီး အရှေ့- အနောက် ကျဉ်းမြောင်းပါသည်။ တောင်မြောက်အကျယ်ဆုံးနေရာ၌  ၆၅ မိုင်ခန့်ရှိပြီး အရှေ့အနောက်အကျယ်ဆုံးနေရာတွင်  ၄၄ မိုင် ခန့် ရှိပါသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း  ၁၅၂၇.၀၃  စတုရန်းမိုင်ရှိပါသည်။

မင်းကင်းမြို့နယ်၏ မြောက်ဘက်တွင် ကလေးဝမြို့နယ်၊ အရှေ့ မြောက်ဘက်တွင် ကျွန်းလှ မြို့နယ်၊ အရှေ့ဘက်တွင် တန့်ဆည် မြို့နယ်နှင့် ရေဦးမြို့နယ်၊ အနောက်ဘက်တွင် ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ် တောင် ဘက်တွင် ကနီမြို့နယ်တို့နှင့် ဆက်စပ်တည်ရှိပါသည်။ မင်းကင်းမြို့နယ်သည် မြေမျက်နှာပြင် ညီညာပြန့်ပြူးမှုမရှိဘဲ တောင်ကုန်းတောင်တန်းများ ပေါများပြီး မြေပြန့်ချိုင့်ဝှမ်းလွင်ပြင် နည်း ပါးပါသည်။ မြို့နယ်အတွင်း၌ ရွှေသမင်တောင်တန်း၊ ပုံတောင်ပုံညာ တောင်တန်း များရှိပါသည်။ ရွှေသမင်တောင်တန်းပေါ်၌ အမြင့် ၁၄၁၆ ပေရှိ တောင်ထွဋ်ရှိပြီး ပုံတောင်ပုံညာတောင်ပေါ်၌ အမြင့် ၄၂၈၁ ပေရှိ တောင်ထွဋ်တို့ရှိပါသည်။

မင်းကင်းမြို့နယ်သည် ချင်းတွင်းမြစ်ကမ်းနံဘေးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မြို့နယ်အတွင်း၌ တောင်ကျချောင်းများ ပေါများပြီး ထင်ရှားသောချောင်း များမှာ တောင်တွင်းချောင်း၊ မောက္ကတော်ချောင်း၊ အလောင်းတော် ကဿဖချောင်း၊ မိုးကောင်းချောင်း၊ သံပေါက်ချောင်းတို့ဖြစ်ပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ ပုံတောင်ပုံညာတောင် ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

သာသနာတော်  ၁၀၀ ပြည့်နှစ် ဒီဇာလာရိကမင်းကြီးသည် နယ်ပယ်လေးရပ်ပိုင်းခြားရာတွင် ယခုမင်းကင်းမြို့ကို ကင်းရံမြို့ဟု တည်ထောင်ခဲ့ပါသည်။ နရပတိစည်သူမင်းကြီး နန်းစံသက် ၈ နှစ်မြောက်သော် ကင်းရံမြို့ကြီး ပျက်စီးလုနီးပါးဖြစ်နေ၍ မိမိတည်ထားခဲ့သော ဆင်းမင်းဝံဘုရားနှင့် ရွှေစကားရုပ်ပွားတော်တို့ ပျက်ပြားမည်ကိုစိုးရိမ် သဖြင့်အမတ်ကြီးရန်အောင်ဇေယျကို စေလွှတ်ပြီး မြို့ကိုရှင်းလင်းစေရာ တွင် ဖိုခနောက်ဆိုင် တည်ရှိသောစေတီတော်မြတ်တို့ကို ဖူးတွေ့ရ၍ မြို့စား အားမေးသည်ရှိသော် မြို့စားက သီရိဓမ္မာသောကမင်းကြီးသည် ဘုရားရှင် တို့၏ ဓါတ်တော်တူးဖော်ဝေငှရာ - နွယ်ပတ်မြို့အရှင်လန္တပါလမင်းရခဲ့သော ဓါတ်တော်တို့ကို ဌာပနာ၍တည်ထားတော်မူခဲ့သော ပတ္တမြားစေတီ၊ မြသိန်းတန်စေတီ၊ မြပုဂံစေတီများဖြစ်ကြောင်း လျှောက်ထားရာ အမတ်ကြီး ရန်အောင်ဇေယျက ဤအရပ်သည်မာန်ငါးပါးတို့ကို အောင်မြင် ကင်းရှင်းတော်မူသော ဘုရားရှင် တို့၏ ဓါတ်တော်များ ကိန်းဝပ်တော် မူရာဖြစ်၍ ရှေ့အမည်လည်း မပျက်စေဘဲ "မာန်ကင်းမြို့" တွင်စေဟု အမိန့်တော်ရှိပြီးမှ အမတ်ကြီးရန်အောင်ဇေယျက ၅၃၄ ခုတပေါင်း လဆန်း ၇ ရက်၊ ကြာသပတေးနေ့ နှစ်ချက်တီးကျော်အချိန်တွင် ရတနာ သုံးပါးကို ဦးထိပ်ထား၍ မာန်ကင်းမြို့၊ ယခုမင်းကင်းမြို့ကို တည်ထားခဲ့ပါသည်။

Attractions in မင်းကင်း