"နမ့်ဆန်"

နမ့်ဆန်မြို့နယ်သည် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်ပါသည်။ နမ့်ဆန်မြို့ကို ၁၂၂၈ ခုနှစ် တော်သလင်း လပြည့်ကျော် ၁၅ ရက် (၂၇.၉.၁၈၆၇) သောကြာနေ့တွင် စော်ဘွားကြီးခွန်မိန်းမှ စတင်တည်ထောင်ခဲ့ပါသည်။ စော်ဘွားကြီးခွန်မိန်းမှ စတင်၍ စော်ဘွား ၇ ဆက် အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးစော်ဘွားမှာ စဝ်ခွန်ပန်းစိန်ဖြစ်ကြောင်း သိရှိရပါသည်။ နမ့်ဆန်ဟူသော ဝေါဟာရမှာ ရှမ်းဘာသာစကားဖြစ်ပြီး နမ့် ဟူသည်မှာ ရေဆန် ဟူသည်မှာ တုန်လှုပ် သည်ဟူ၍ အဓိပ္ပာယ်ရပြီး ‘နမ့်ဆန်’ဟူသည်မှာ ‘ရေတုန်’ဟူ၍ အဓိပ္ပာယ်ရပါသည်။ နမ့်ဆန်မြို့ စတင် တည်ထောင်သော နေ့တွင် ငလျင်လှုပ်သဖြင့် ရေများတုန်နေသည်ဟု လည်းကောင်း၊ နမ့်ဆန်မြို့တည်ရာ ဒေသသည် ရေများပင် ခိုက်ခိုက်တုန်နေသည်ဟူ၍ လည်းကောင်း ပြောစမှတ်ရှိပါသည်။ နမ့်ဆန်မြို့သည် ပလောင်ဘာသာအရ အုန်းရဲလ် (အုမ်းရဲလ်=ရေတုန်မြို့) ဟူ၍ အဓိပ္ပာယ်ရပါသည်။ နမ့်ဆန်မြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၃.၇.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ မြို့ပေါ်ရပ်ကွက် ၆ ခုကိုလည်းကောင်း၊ (၅.၈.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ကျေးရွာအုပ်စု ၂၆ စုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ နမ့်ဆန်မြို့နယ်သည် ၅၉၄.၇၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မြို့နယ်၏ မြောက်ဘက်တွင် မန်တုံမြို့နယ်၊ အရှေ့ဘက်တွင် နမ္မတူမြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်၊ အနောက်ဘက်တွင် ကျောက်မဲမြို့နယ်၊ မိုးမိတ်မြို့နယ်တို့ တည်ရှိပါသည်။ နမ့်ဆန်မြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သောကြောင့် တောင်ကုန်း တောင်တန်းနှင့် နက်ရှိုင်းသော ချိုင့်ဝှမ်းများသာ ရှိပါသည်။ မြို့နယ်တွင် မြစ်ချောင်းများ နည်းပါးပြီး နမ့်ကျုံချောင်း၊ နမ့်ကွဲချောင်းနှင့် လီလုချောင်းတို့သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ နမ့်ဆန်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ ၅၃၃၂ ပေအထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ တောင်ကျော်တောင်ထိပ် (၇၄၇၀ပေ) ဖြစ်ပါသည်။ နမ့်ဆန်မြို့နယ်သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၃ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ နမ့်ဆန်မြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၇ စု၊ ကျေးရွာပေါင်း ၁၃၁ ရွာပါဝင်ပြီး လူဦးရေပေါင်း ၈၁၀၀၀ ကျော် နေထိုင်ပါသည်။ နမ့်ဆန်မြို့နယ်သည် တောင်ပေါ်ဒေသဖြစ်၍ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်း၊ လက်ဖက်စို/လက်ဖက်ခြောက် လုပ်ငန်းများကိုသာ လုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ လက်ဖက်ဖြစ်ပါသည်။ မဟာမုနိဘုရားနှင့် စကားဝါဘုရားတို့မှာ နမ့်ဆန်မြို့နယ်၏ ထင်ရှားသောဘုရားများဖြစ်ပါသည်။

Attractions in နမ့်ဆန်