"တနိုင်း"

တနိုင်းမြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၇ စု၊ ကျေးရွာပေါင်း ၅၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၉၂၂၉ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၇၀.၁၃ မိုင်နှင့် တောင်မှမြောက်သို့ ၆၈.၀၈ မိုင် ရှည်လျားပါသည်။ တနိုင်းမြို့နယ်၏ အရှေ့ဘက်တွင် ဆွမ်ပရာဘွမ်မြို့နယ် နှင့်မြစ်ကြီးနားမြို့နယ်၊ တောင်ဘက်တွင် ဖားကန့်မြို့နယ်၊ အနောက်ဘက်တွင် ခန္တီးမြို့နယ်၊ နန်းယွန်းမြို့နယ်၊ မြောက်ဘက်တွင် နန်းယွန်းမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

တနိုင်းမြို့နယ်သည် ဟူးကောင်းချိုင့်ဝှမ်းအတွင်း တည်ရှိသည့်အတွက် ဘေးပတ်လည်တွင် တောင်တန်းများနှင့် အတွင်းပိုင်းတွင် ချောင်းများဖြတ်သန်းသွားသည့် လွင်ပြင်ဒေသဖြစ်ပါသည်။ တောင်တန်းများအနေဖြင့် မြောက်ဘက်တွင် ပတ်ကွိုင်တောင်၊ ဒရူဘွမ်၊ ဆွမ်ပရာဘွမ်၊ ပလောင်ဘွမ်၊ တောင်ဘက်တွင် ဂျာဘူဘွမ်၊ လမာဘွမ်၊ အရှေ့ဘက်တွင် ကျော်မောင်ဘွမ်၊ မဂျီဘွမ်၊ ဆွမ်ပရာဘွမ်နှင့်အနောက်ဘက်တွင် ဝမ်တုတ်ဘွမ်၊ နာဂတောင်တန်းများဖြင့် ဝန်းရံထားရှိပါသည်။ ချောင်းများအနေဖြင့် တနိုင်းချောင်း၊ တဖြီချောင်း၊ တဝမ်ချောင်း၊ မော်နင်ချောင်း၊ ဘရန်ဘရန်ချောင်း၊ တရုံချောင်း၊ တဝါချောင်း၊ နန်ဗျူချောင်းနှင့် ချောင်းငယ်များ ဖြတ်သန်းစီးဆင်းပါသည်။ ထင်ရှားသောမြစ်ချောင်းမှာ တနိုင်းချောင်းသာဖြစ်ပြီး တနိုင်းမြို့အနီးမှဖြတ်၍ အရှေ့မှအနောက်သို့ စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

တနိုင်းမြို့နယ်သည် ယခင်က ဟူးကောင်းတနိုင်းနယ် (ဟူးကောင်းတောင်ကြား) သို့မဟုတ်  (ပယင်းကွင်း)ဒေသအဖြစ် နာဂနှင့်မွန်လူမျိုးများ ပထမဆုံး ဆင်းသက်ဝင်ရောက်ပြီးနောက် မိုးကောင်းအနွယ်ဝင်ရှမ်းလူမျိုးများ နေထိုင်လာကြပါသည်။ ဟူးကောင်းဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပါသည်။ ‘ဟူး’ ဆိုသည်မှာ ‘ဦးခေါင်း’နှင့် ‘ကောင်း’ ဆိုသည်မှာ ‘စည်တော်’ဟု အဓိပ္ပါယ်ရပါသည်။ မိုးကောင်းစော်ဘွားလုံမိန်ကောင်း၏ ညီတော် ဇော်ဆမ်လုံအား အင်အားအလုံး အရင်းဖြင့် ဟူးကောင်းနယ်ဘက် စစ်မျက်နှာမူထွက်စေခဲ့ရာ “စည်တော် ဦးပြုရာ’အရပ်ဟု ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၅၆ခုနှစ် တောင်တန်းဝန်ထောက်ရုံးကို တိန်ကောက်ကျေးရွာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ယခုတနိုင်းမြို့ တည်နေရာဒေသသို့ ပြောင်းရွေ့ဖွင့်လှစ်၍ ဟူးကောင်းတောင်တန်းနယ်၊ ဟူးကောင်းမြို့ဟု ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် တော်လှန်ရေးကောင်စီလက်ထက်တွင် ဟူးကောင်းမြို့နယ်၊ ဟူးကောင်းမြို့ဟု ပြောင်းလဲခေါ်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှစ၍ ချင်းတွင်းမြစ်ဖျား တနိုင်းချောင်းကြီးကို အမှီပြုပြီး ‘တနိုင်းမြို့’ ဟုခေါ်ဝေါ် သတ်မှတ်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့သည်လည်း တနိုင်းမြို့နယ်၏ မြို့တစ်ခုဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၄-၁၂-၂၀၀၆)ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂၄- ၆၃/ဦး၁ အရ(၁၀-၁၀-၂၀၀၆)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

Attractions in တနိုင်း