"ဝက်လက်"

ဝက်လက်မြို့နယ်သည် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၉ စု၊ ကျေးရွာပေါင်း ၂၃၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၂၁၀၆၇၇ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အဝန်းမှာ ၅၁၄.၅၈ စတုရန်းမိုင်ရှိပါသည်။ ဝက်လက်မြို့နယ် ၏ အရှေ့ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် စစ်ကိုင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် အရာတော်မြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ရွှေဘိုမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် မြစ်ချောင်းများမှာ ဧရာဝတီမြစ်နှင့် မူးမြစ်တို့ဖြစ်သည်။ ဧရာဝတီမြစ် သည် သစ်ဆိမ့်ရွာ နှင့် ရှိမ်းမကား ရွာအနီးမှ ဖြတ်၍ မူးမြစ်သည် သမရိုးရွာအနီးမှ ဖြတ်၍ မြောက်မှ တောင်သို့စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

၁၈၈၅ ခုနှစ်မတိုင်မီ ဝက်လက်မြို့နယ်ကို ရွှေဘိုတောင်လက် ဟုခေါ်ပြီး ဗြိတိသျှအုပ်ချုပ်ရေးစနစ်တွင် ရှိမ်းမကားကျေးရွာကို (Sub-Division) အဖြစ် သတ်မှတ်ရုံးစိုက်သည်။ ဝန်ထောက်အယ်လီ ကမ်းနားနောက် လှတောရွာသား စစ်ကဲ ဦးထွန်း အုပ်ချုပ်ခဲ့ချိန်တွင် ဝက်လက်မြို့ မရှိသေးပါ။ ရှိမ်မကား၏ အုပ်ချုပ်မှုအောက်၌ရှိခဲ့သည်။ စစ်ကိုင်း-မြစ်ကြီးနားမီးရထားလမ်းဖောက်လုပ် ရာမှဝက်လက်မြို့နယ်တိုးတက်လာပါသည်။ မြန်မာသက္ကရာဇ် အားဖြင့် ၁၂၅၃ ခုနှစ် ဖြစ်၍ အင်ကြင်းဖူးစနာသိင်္ဃရောက်ရာ မီးရထားဟူ၍ သတ်မှတ်ခဲ့ပါ သည်။ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားဖြစ်၍ ဝက်လက်မြို့ တောင်ဘက် မိုင်ခန့်အကွာ၌ ပြွန်ကြီးကျေးရွာ အနီးရပ်စခန်းဘူတာအား အရှေ့ဘက် အနီးစပ်ဆုံး ၀က်လက်ရွဲရွာကို အကြောင်းပြု၍ ဝက်လက်ဘူတာဟု ခေါ်တွင်ခဲ့ပါသည်။ ယခု ၀က်လက်ဘူတာအနီး စိမ့်ရေတွင်းရှိ၍ ဘူတာရွှေ့ခဲ့ပြီး တွင်းဖိုဟုခေါ်၍ ဟန်လင်းမြို့ဟောင်း စိမ့်တွင်းအား တွင်းမ ဟုခေါ်ကြသည်။ တွင်းဖို အားယခုတိုင် ရေတွင်းကြီးအဖြစ် လူအများသုံးစွဲ လျက်ရှိပါသည်။ ၁၈၉၉၊ ၁၉၀၂ ခုနှစ် တွင် ကာဘိုးတူးမြောင်း ရေပေးဝေမှု ဆောင်ရွက်ခဲ့ပြီး စတင် ဖောက်လုပ်ခဲ့သည့် ၁၂၆၁ ကို အောင်ကျော်သာဦးစ၍တူး ဟူ၍လည်းကောင်း၊ ရေစတင်ရောက်သည့် ၁၂၆၄ ကို အံ့ကြူးသာယာ ရေဦးလာဟူ၍လည်းကောင်း အဆိုများဖြင့် လူနေစည်ကားလာခဲ့ပါသည်။ ၁၉၀၅ ခုနှစ်တွင် ရုံးများသည် ရှိမ်းမကားမှ ဝက်လက်သို့ ပြောင်းပြီး (ShweBo Sub-Division) အောက်သို့ လွှဲပြီးနောက် ဝက်လက်မြို့ဟုတည်ရှိခဲ့သည်။ ၁၉၇၂ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ဟု သီးခြားမြို့နယ် တစ်ခုအဖြစ် ရပ်တည်ပေါ်ပေါက်ခဲ့ပါသည်။

Attractions in ဝက်လက်