"သာပေါင်း"

သာပေါင်းမြို့နယ်သည် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ စု၊ ကျေးရွာပေါင်း ၃၉၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၅၉၅၇၈ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၇၇၆.၉၅၅ စတုရန်းမိုင်ရှိပါသည်။ သာပေါင်းမြို့နယ်၏ အရှေ့ဘက်တွင် ကျောင်းကုန်းမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ တောင်ဘက်တွင် ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် မြောက်ဘက်တွင် ရေကြည် မြို့နယ်၊ ရခိုင်ပြည်နယ် ဂွမြို့နယ်တို့ဖြင့် နယ်နမိတ်ထိစပ် လျှက်ရှိပါသည်။ င၀န်မြစ်၏ အရှေ့ဘက်အခြမ်းသည်ချောင်းငယ်၊ မြောင်းငယ်နှင့် အင်းအိုင်ပေါများပြီး ချိုင့်ဝှမ်းများ ပေါများသည့် လွင်ပြင်ဒေသဖြစ်ပါသည်။ မြစ်အရှေ့ဘက်ခြမ်းကျေးရွာအုပ်စု (၄၂) အုပ်စုရှိပြီး နှစ်စဉ်မိုးတွင်း ကာလတွင် ရေလွှမ်းမိုးမှုရှိပါသည်။ င၀န်မြစ်အနောက်ဘက်ခြမ်း သည် တောင်ကုန်းဒေသဖြစ်ပြီး အနောက် ရိုးမတောင်တန်းနှင့် ထိစပ်လျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

သာပေါင်းမြို့နယ်သည် မြန်မာသက္ကရာဇ် ၈၈၆ ခုနှစ်၊ ဝါဆိုလပြည့် ကျော် ၁ ရက်နေ့ဖြင့် ရေးထိုးထားသည့် မွန်ကျောက်စာပေါင်းချုပ်မှချပ် (၉၉) ပုသိမ်၊ ရေကြည်ရေနောက် ကျောက်စာကြောင်းရေ(၂)တွင် ကျုံပျော်သား၊ သာပေါင်းရွာသား၊ သမင်ကုန်းရွာသား(၃)ဦး ဒါယိကာခံကြောင်း မွန်ဘာသာဖြင့်(တွမ်)ရွာသားဟု ရေးထိုးထားကြောင်း တွေ့ရှိရသဖြင့် မွန်မင်းများ အုပ်စိုးစဉ်က ရွာကြီးတစ်ရွာအဖြစ်တည်ခဲ့ကြောင်းသိရှိ ရပါသည်။ ၁၉၄၂ မြန်မာ ပြည်ပြန်တမ်း၊ ပုသိမ်ခရိုင်(ခ)အရ သာပေါင်းမြို့ပေါ်တွင် အိမ်ခြေ ၂၃၅ လုံး၊ လူဦးရေ ၁၂၉၀ ဟုလည်းကောင်း၊ ကညင်ချောင်းတွင်အိမ်ခြေ ၂၃၃ လုံး၊ လူဦးရေ ၁၂၁၆ ဦးဟုလည်းကောင်း၊ တစ်မြို့နယ်လုံးတွင် အိမ်ခြေ ၉၄၅၀ နှင့် လူဦးရေ ၅၀၄၃၁ ဦးရှိကြောင်း ဖော်ပြထားပါသည်။ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲကာလ နောက်ပိုင်းတွင် အင်္ဂလိပ်အစိုးရကမြို့အဖြစ် သတ်မှတ် ပြီး ရဲစခန်း၊ မြို့ပိုင်ရုံးနှင့် ဆေးရုံများကို တည်ဆောက် ထားခဲ့ဟန်ရှိပါသည်။ ရှေးကျသော အဆောက်အဦများ ယခုတိုင်ရှိနေပါသည်။ ၄င်းအပြင် သာပေါင်းမြို့နယ်သည် ယခင်ကတော တောင်ထူထပ်၍ သားရဲတိရစ္ဆာန်ပေါများခဲ့ပြီး သာပေါင်း မြို့နယ်၏အနောက်ဘက် ဆင်ပါးချပ်ခေါ် ရေအိုင်ကြီးတွင် သားရဲတိရစ္ဆာန်များ လာရောက်ရေချိုး၊ ရေသောက် ကစား လေ့ရှိသဖြင့် သားပေါတော(ခ)ကရင်လို(သာပိုး)ဟုခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျားခဲ့သဖြင့် သာပေါင်းဟုအမည်တွင်လာခဲ့ခြင်း ဖြစ်ကြောင်းမှတ်တမ်းများအရသိရှိရပါသည်။

Attractions in သာပေါင်း