"ကန်ပက်လက်"

ကန်ပက်လက်မြို့နယ်ကို ၁၈၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၃၀ ခုနှစ်တွင် တောင်တန်း နယ်အဆင့်မှ မြို့နယ်အဆင့်သို့ ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ကန်ပက်လက်မြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၁၁၈ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၂၄၀၀၀ ကျော် နေထိုင်ကာ ဧရိယာစတုရန်းမိုင် ၉၆၃.၈၂ မိုင် ကျယ်ဝန်းပါသည်။ ကန်ပက်လက်မြို့နယ်၏ အရှေ့ဘက်တွင် ဆော၊ တောင်ဘက်တွင် စေတုတ္တရာ၊ အနောက်ဘက်တွင် ပလက်ဝ၊ မြောက်ဘက်တွင် မင်းတပ်မြို့နယ်တို့ တည်ရှိသည်။ ကန်ပက်လက်မြို့နယ်သည် တောင်ကုန်း တောင်တန်းများ ပေါများပြီး သစ်တောများ ဖုံးလွှမ်းလျှက်ရှိသည်။ ကန်ပက်လက်မြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်ပါသည်။ ထင်ရှားသော ချောင်းများမှာ ကျောက်စစ်ချောင်း၊ ကတင်းချောင်း၊ ဆောချောင်း၊ ဖျံချောင်း၊ စလင်းချောင်း၊ မုန်းချောင်းတို့ဖြစ်ပြီး အနောက်မှအရှေ့သို့ စီးဆင်းလျှက်ရှိသည်။ ၎င်းချောင်းများသည် ရေစီးသန်ပြီး ကျောက်ဆောင်များ ပေါများသဖြင့် စက်လှေများ သွားလာနိုင်ခြင်း မရှိပါ။ ကန်ပက်လက်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၅၆၀ ပေ အထက်တွင် တည်ရှိပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံး တောင်မှာ ခေါနူးစုမ်တောင် ၁၀၂၀၀ ပေ ဖြစ်ပါသည်။ ကန်ပက်လက်မြို့နယ်သည် အေးသမပိုင်းရာသီဥတုရှိပြီး အနိမ့်ဆုံး အပူချိန်မှာ ၈˚C ဖြစ်သည်။ ကန်ပက်လက်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိက ထွက်ကုန်မှာ ဝဥ ဖြစ်ပါသည်။ ကန်ပက်လက်မြို့နယ်သည် ကုန်းလမ်းကိုသာ အားထားရသဖြင့် လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်ပါသည်။ ခေါနူးစုမ် (ခ) ဝိတိုရိယတောင်မှာ ထင်ရှားပြီး နတ်မတောင် အမျိုးသား ဥယျာဉ်ပါဝင်မှုကြောင့် နိုင်ငံခြားဧည့်သည်များ လာရောက်လည်ပတ်လျှက်ရှိသည်။

Attractions in ကန်ပက်လက်