"ပန်းတနော်"

ပန်းတနော်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၅၂ စု၊ ကျေးရွာပေါင်း ၄၄၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၇၅၆၇၅ ကျော်နေထိုင်ပါသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၄၉၈.၅၂ စတုရန်းမိုင်ကျယ်၀န်းပါသည်။ အရှေ့မှ အနောက်သို့ ၁၇ မိုင်ရှိပြီး တောင်မှမြောက် သို့ ၂၇ မိုင် ရှည်လျားပါသည်။ ပန်းတနော်မြို့နယ်သည် အရှေ့ဘက်တွင် ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့နယ်၊ အနောက်ဘက် တွင် အိမ်မဲမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်၊ တောင်ဘက်တွင် ဝါးခယ်မမြို့နယ်၊ မြောက်ဘက်တွင် ဓနုဖြူ မြို့နယ် နှင့် ကျုံပျော်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။

ပန်းတနော်မြို့နယ်သည်မြောက်ဘက်တွင်မြင့်၍ တောင်ဘက်သို့တစ်ဖြည်း ဖြည်းနိမ့်ဆင်းသွားသည်။ တောင်ကုန်းမြင့်ဟူ၍မရှိပါ။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး ထင်ရှားသော ချောင်းမှာပန်းတနော်ချောင်းဖြစ်ပြီး ပန်းတနော် မြို့မှဖြတ်၍ ဧရာဝတီမြစ်ထဲသို့ စီးဆင်းပါသည်။ ပန်းတနော်ချောင်းမှာ နွေရာသီတွင် ရေအနက် ၈ ပေခန့် သာရှိ၍ စက်လှေ များသာသွားလာနိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

၁၈၅၂ ခုနှစ်တွင်ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးခရိုင်များ ခွဲဝေအုပ်ချုပ်ခဲ့ရာပန်းတနော်သည် ပဲခူးတိုင်းတွင်ပါ၀င်ခဲ့ပြီး ၁၈၈၁ခုနှစ်တွင်ပဲခူးတိုင်းကိုခရိုင် ၂ ခု ထပ်မံခွဲ၍ အုပ်ချုပ်ခဲ့ရာ ပဲခူးခရိုင်နှင့် ဧရာ၀တီခရိုင်ဟု ဖြစ်လာခဲ့ပြီး ပန်းတနော်သည် ဧရာ၀တီခရိုင်တွင် ပါ၀င်ခဲ့ပါသည်။ ပန်းတနော် အမည်တွင်ခဲ့ခြင်းနှင့် ပတ်သက်၍ မွန်ဘာသာဖြင့် ပန်=အ၀၊တနော်=အခြား ဟူ၍အဓိပ္ပါယ်ရရှိရာမြစ်၀မှ တခြားတစ်နေရာတွင်တည်ရှိသော မြို့ဟုယူဆနိုင်ပါသည်။ မွန်ဘာသာဖြင့် ပီတနွတ်ကောက်ကွေ့သောချောင်းဟု သိရသဖြင့် ကောက်ကွေ့ သော ချောင်းတွင် တည်ရှိသောနေရာ (သို့) ချောင်းကွေ့ မြို့ဟု အဓိပ္ပါယ်ရပါသည်။ မည်သို့ပင်ဆိုစေကာမူ ၁၈၆၉ခုနှစ်တွင်လှူဒါန်း သောမင်းတစုရွာ၊ ကျိုက္ခနိမ်စေတီတော်ကြေးခေါင်းလောင်းတွင်ရေးထိုးသည့် ဆုတောင်းစာအရ ၁၈၆၉ ခုနှစ်မှစ၍ ပန်းတနော်ဟုတွင်ကျယ်စွာခေါ် ဝေါ်နေကြောင်းအခိုင်အမာတွေ့ရှိရပါသည်။

Attractions in ပန်းတနော်