"ပလက်ဝ"

ပလက်ဝမြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၉၅ စု၊ ကျေးရွာပေါင်း ၃၈၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၀၇၁၁၉ ကျော်နေထိုင်ပါသည်။ ဆမီးမြို့သည် ပလက်ဝမြို့နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။ ပလက်ဝမြို့နယ်၏ အကျယ်အဝန်းမှာ ၃၁၂၇.၀၄ စတုရန်းမိုင်ရှိပါသည်။ အရှေ့မှအနောက်သို့ ၅၉.၂၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၉၈.၄၀ မိုင်ရှည်လျားပါသည်။ ပလက်၀မြို့နယ်၏ အရှေ့ဘက်တွင်မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ် တို့နှင့်ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက် တွင်အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ပလက်ဝမြို့နယ်သည် တောင်ကုန်းဒေသ တစ်ခုဖြစ်ပါသည်။ တစ်မြို့နယ်လုံးတွင် ပြန့်ကျဲတည်ရှိနေသော တောင်ကုန်းတောင်စွယ်၊ တောင်ထွဋ်များမှာ မတ်စောက်ပြီးအောက်ခြေတွင် မြေပြန့်လွင်ပြင်ငယ်များ ပြန့်ကျဲတည်ရှိပါသည်။ ထင်ရှားသောတောင်များမှာ ကီမိုတောင် (ကျောက်ပန်းတောင်) တောင်(အဖိုတောင် ၃၇၇၃ ပေ၊ အမတောင် ၄၂၆၉ ပေ) နှင့်ကားတောင်(ခေါ်) တင်းလင်းတောင် ၃၀၆၉ ပေမြင့်ပြီး မြောက်မှ တောင်သို့သွယ်တန်းလျက်ရှိပါသည်။

ပလက်ဝမြို့နယ်သည် မြစ်ချောင်းပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှား သောမြစ်မှာကုလားတန်မြစ်နှင့် လေးမြို့မြစ်ဖြစ်ပြီးချောင်းများမှာ ပီချောင်း၊ ကုလက်ချောင်း၊ ရှင်းလက်ချောင်း၊ မီးချောင်း၊ ပလက်ချောင်း၊ ရူးချောင်းတို့ ဖြစ်ပါသည်။ ကုလားတန်မြစ်သည် ချင်းပြည်နယ်၊ ဟားခါးမြို့၏အနောက် မြောက်ဘက်တွင် မြစ်ဖျားခံ၍ တီးမြစ်၊ ဘွေနူးမြစ်အမည်ဖြင့် စီးဆင်း၍ အိန္ဒိယနိုင်ငံတွင် သီးပီးအမည်ဖြင့် ဖြတ်သန်းစီးဆင်းလျက် ပလက်၀မြို့နယ် နှင့် ရခိုင်ပြည်နယ်(ကျောက်တော်မြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်)သို့ စီးဆင်းပြီး ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်ပါသည်။ အရှည်မိုင် ၃၈ဝ အနက် ပလက်ဝ မြို့နယ်အတွင်း ၈၈ မိုင်ခန့်စီးဆင်းပါသည်။ လေးမြို့မြစ်သည် ချင်းပြည်နယ်၊ မတူပီမြို့အရှေ့မြောက်ဘက်တွင် မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းလာ ပြီးနောက် ပလက်၀မြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ မြေပုံမြို့အနီးတွင် ဟန်တာပင်လယ်အော်သို့ စီးဝင်သည်။ အရှည်မိုင် ၁၉ဝ ခန့်ရှိရာ ပလက်ဝမြို့ နယ်၌မိုင် ၇၀ ခန့် စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

ပလက်ဝမြို့နယ်သည် ချင်းရေးရာဝန်ကြီးဌာန၏ ၁၉၆ဝ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၂)အရ သေသတိုင်းလက်စွဲ ဥပဒေစာမျက်နှာ၁၁၁ကိုညွှန်း) ပလက်ဝမြို့နယ်ဟု စတင်ခေါ်ဆိုခဲ့ပါသည်။ ၁၈၂၆ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီး ရခိုင်ဒေသကို အရှေ့အိန္ဒိယကုမ္ပဏီမှ သိမ်းယူခဲ့ရာပလက်၀မြို့နယ်သည် ရခိုင်တိုင်း၊ စစ်တွေခရိုင်၌ပါဝင်ခဲ့ပါသည်။ သို့ရာတွင်ပလက်၀မြို့နယ်တစ်ခု လုံးကိုအုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပါ။ အုပ်ချုပ်မှုလွယ်ကူစေရန်နှင့် တရားဥပဒေ စိုးမိုးရေးကိုရှေးရှုလျက် ၁၈၆၅ ခုနှစ်တွင်စစ်တွေခရိုင်မှခွဲထွက်၍ ရခိုင်မြောက်ပိုင်းနယ်မြေများခရိုင်အဖြစ် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပါသည်။ ခရိုင်အဖြစ်ရုံး စိုက်သည့်နေရာသည် စစ်တွေမြို့မှ ၈၆ မိုင်ဝေးသော မျောက်တောင်ရွာ (ကျောက်တော်မြို့နယ်)တွင် ရှိပြီးမြို့နယ်အတွင်းရှိ ချင်းလူမျိုးများသည် အင်္ဂလိပ်အစိုးရအား အကြိမ်ကြိမ်ဆန့်ကျင်သဖြင့် ၁၈၇၆ ခုနှစ်တွင် မျောက်တောင်ကျေးရွာမှ မြောက်ဘက် ၂၄ မိုင်ကွာဝေးသောပလက်ဝရွာ ခန့်မှန်း မြေပုံညွှန်း (ဒီယူ-၈၅၂၅၅၇) သို့ ပြောင်းရွှေ့ခဲ့ရာမှ မြို့အဖြစ်ပေါ်ထွန်း လာခဲ့ပါသည်။ ကုလားတန်မြစ်၏ အရှေ့ဘက်မြစ်လက်တက်ဖြစ်သော ပလက် ချောင်းဝတွင်တည်ရှိသောကြောင့် ပလက်၀ဟု အဆင့်ဆင့်ခေါ်ဝေါ်ဖြစ်ပေါ်လာ ခြင်းဖြစ်ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၂၇-၆-၁၉၇၃ ရက်စွဲပါစာအမှတ်၂/၃၉/အဌ(၂) နှင့်၁၇-၉-၁၉၇၃ရက်စွဲပါစာအမှတ်၊၃/၂၂၅/ အဌ(၂)ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ပလက်ဝမြို့နယ်အဖြစ်ဖွဲ့ စည်းခဲ့ပါသည်။

Attractions in ပလက်ဝ