"မြင်းမူ"

မြင်းမူမြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄၈ စု၊ ကျေးရွာပေါင်း ၈၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၁၈၇၂၁ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၅.၅၈ စတုရန်းမိုင်ရှိပါသည်။ မြင်းမူမြို့နယ်၏အရှေ့ဘက်တွင် စစ်ကိုင်းမြို့နယ်၊ အနောက်ဘက် တွင် ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်၊ တောင်ဘက်တွင် ငါန်းဇွန်မြို့နယ်နှင့် မြောက်ဘက်တွင် အရာတော်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။

မြင်းမူမြို့နယ်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး အနောက်မြောက်ပိုင်းသည် ကုန်းမြင့်လွင်ပြင်များ အနည်းငယ်ရှိပါသည်။ ဧရာဝတီမြစ်သည် မြင်းမူမြို့တောင်ဘက် ရေမိုင် အထက် ၃ မိုင်နှင့် အောက်ပိုင်းတွင် ၇ မိုင် စုစုပေါင်း ၁၀ မိုင် မြို့နယ် အတွင်း ဖြတ်စီးပါသည်။ မူးမြစ်သည် မြင်းမူမြို့နယ်အတွင်း ၁၃ မိုင်ခန့် ဖြတ်စီးကာ ဧရာ၀တီအတွင်းသို့ စီးဝင်ပါသည်။

ဒေသသမိုင်းအကျဉ်း

သက္ကရာဇ် ၁၈၈ ခုနှစ် သီရိဓမ္မာသောကမင်းကြီး လက်ထက်က ၎င်းအရပ်သည် မြေပူအမြင့် အောင်မြင်ခြင်း အဓိပ္ပါယ်ဖြစ်၍ “မုဌောစေတီ” တည်ထားကိုးကွယ်ခဲ့ပြီး မြေပူရွာဟု သမုတ်လျက် ရွာတည်ခဲ့ပါသည်။ သက္ကရာဇ် ၄၃၇ ခုနှစ် အလောင်းစည်သူမင်းကြီး လက်ထက်တွင် ဧရာ၀တီမြစ်အတိုင်း ဆန်တက်လာရာ မြေပူရွာအရောက် မုဌောစေတီအား ဖူးမြော်ခဲ့ရာ ဗောင်းတော်မြေသို့ကျသည့်နေရာတွင် ဗောင်းတော်ကျဘုရား တည်ခဲ့ပါသည်။ မုဌောစေတီမှ တေဇောဓာတ် ကွန့်မြူးနေသည် ကို မြင်တွေ့ရသောကြောင့် မုဌောဘုရားအား “တေဇောလူး” ဟူ၍လည်းကောင်း၊ မြေပူရွာကိုလည်းမြင်တော်မူ” ရွာဟူ၍ လည်းကောင်း သမုတ်ခဲ့ပါသည်။ မြင်းမူအနောက်ဘက်ရှိ “ရာကောက်တောရကျောင်း” ကျောက်စာတွင် မြင်းတို့၏ အကြီးအမှူး အဿထိုရ်မြင်း ကျက်စားရာဖြစ်၍ မြင်းမူရွာဟုခေါ်တွင်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းအတွဲ၉၊ စာမျက်နှာ (၄၆၂) တွင် ထိုရွာသူတို့သည် မြင်သူတကာမူးလောက်အောင် ချောမော လှပသဖြင့်“ မြင်မူးရွာ”ထိုမှတစ်ဆင့် “မြင်းမူရွာ”ဟုတွေ့ရပါသည်။

Attractions in မြင်းမူ