"ကလေးဝ"

ကလေးဝမြို့နယ်သည် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၃၆ စု၊ ကျေးရွာပေါင်း ၁၂၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၅၇၅၆၉ ကျော် နေထိုင်ပါသည်။ ကလေးဝမြို့နယ်သည် အရှေ့မှ အနောက်သို့  ၃၈.၆  မိုင်နှင့် တောင်မှ မြောက်သို့ ၂၃.၅ မိုင်ရှည်လျားပါသည်။ မြို့နယ်အကျယ်အဝန်း ဧရိယာ စတုရန်းမိုင်မှာ ၉၀၆.၉၄ ဖြစ်ပါသည်။ ကလေး၀မြို့နယ်၏ အရှေ့ဘက်တွင် ကျွန်းလှမြို့နယ်နှင့် တန့်ဆည် မြို့ နယ်၊ အနောက်ဘက်တွင် ကလေးမြို့နယ်၊ တောင်ဘက်တွင် မင်းကင်းမြို့ နယ်နှင့် မြောက်ဘက်တွင် မော်လိုက်မြို့နယ်တို့ နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိပါသည်။ မြို့နယ်အတွင်းအမြင့်ဆုံး တောင်မှာ သော့ကျင်တောင် ဖြစ်ပါ သည်။ ထင်ရှားသော မြစ်များမှာ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့ ဖြစ်ပါသည်။ မြို့နယ်တွင်းရှိ မြစ်သာမြစ်မှာ ထူးခြားစွာ အနောက်မှအရှေ့သို့ စီးဆင်း၍ ချင်းတွင်းမြစ်အတွင်းသို့ စီး၀င်ပါသည်။ ချင်းတွင်းမြစ်မှာ နွေရာသီတွင် ရေအနက်ပေ ၃.၂၈ ပေခန့်သာရှိ၍ မော်တော် များသာသွားလာနိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

မြန်မာမင်းများအုပ်စိုးစဉ်တွင် ကလေး၀မြို့မှာ မတည်ရှိခဲ့သေးပဲ ယခု ကလေး၀မြို့နယ် မစိန်ရွာနှင့် ကိုင်းရွာတို့သာ ရွှေမှူးများထားရှိကာ မင်းကင်း မြို့ဝန်မှ အုပ်ချုပ်ခဲ့ပါသည်။ ဗြိသိသျှကိုလိုနီခေတ် ၁၉၀၂ ခုနှစ်တွင် အုပ်ချုပ်ရေး နယ်မြေ ပြင်ဆင်သောအခါ ကလေးမြို့နှင့် ကလေးဝမြို့နယ်ကို ဖွဲ့စည်း သတ်မှတ်ခဲ့ကြောင်း၊ ၁၉၁၁ ခုနှစ်ထုတ် အထက်ချင်းတွင်းဂေဇက်တီးယား တွင် ဖော်ပြထားသည်ကို တွေ့ ရပါသည်။ ကလေးဝဟူသော အမည်မှာ ကလေးမြို့ နယ်မှဖြတ်၍ တောင်မှမြောက်သို့စီးဆင်းကာ ချင်းတွင်းမြစ်အတွင်းစီး၀င်သော မြစ်သာမြစ်၏အ၀တွင် တည်ရှိသော မြို့ဖြစ်သောကြောင့်လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးအရ ကလေးမြို့၏တံခါး၀သဖွယ် တည်ရှိခြင်းကြောင့်လည်းကောင်း ကလေး၀ဟု သမုတ်ခဲ့ဟန်ရှိကြောင်း ယူဆရပါသည်။ အုပ်ချုပ်ရေးအနေအထား နှင့် လမ်းပန်းဆက်သွယ်ရေးအရ ကလေးဝမြို့နယ်ကို ရပ်ကွက် ၃ ခုနှင့် ကျေးရွာ အုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းကြောင်း ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၃၃၄ခုနှစ်၊ တန်ဆောင်မုန်းလဆုပ်(၅)ရက်၊ ၁၉၇၂ ခုနှစ် နို၀င်ဘာလ(၂၅)ရက်၊ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၁၁၃) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Attractions in ကလေးဝ