"ကြာအင်းဆိပ်ကြီး"

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၆၊ ကျေးရွာအုပ်စု ၅၁၊ ကျေးရွာပေါင်း ၂၈၆ ရွာပါဝင်ပြီး လူဦးရေ စုစုပေါင်းမှာ ၂၅၈၀၀၀ ကျော် နေထိုင်ပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်သည် ၃၀၃၁.၀၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၃၇ ပေ ရှိပါသည်။ အရှေ့မှအနောက်သို့ ၅၀ မိုင်၊ တောင်မှမြောက်မှ ၈၂ မိုင် ရှည်လျားသည်။ အရှေ့ဘက်တွင် မြဝတီမြို့နယ်နှင့် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ရေးမြို့နယ်၊ အနောက်ဘက်တွင် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်၊ မြောက်ဘက်တွင် ကျိုက်မရောမြို့နယ်၊ ကော့ကရိတ်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ တောတောင်ထူထပ်ပြီး အရှေ့မြောက်အရပ် ကျိုက်ဒုံဒေသ၌ ဒေါန တောင်တန်း (၃၇၀၀ပေ) နှင့် တောင်စွယ်များ တည်ရှိသည်။ ခုတ်ခွားတောင်တန်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကျိုက်ဒုံမြို့ကို ပိုင်းခြားထားသည်။ မြစ်ချောင်းများသည် တောင်မှမြောက်သို့ စီးဆင်းလျက်ရှိသည်။ ဇမိမြစ်၊ ဝင်းရော်မြစ်နှင့် ဟောင်သရောမြစ်တို့သည် ထင်ရှားပြီး တောင်မှမြောက်သို့ စီးဆင်းသည်။ ရေအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်သည်။ မိုးရာသီတွင် ဇမိမြစ်တွင် စက်လှေငယ်များ သွားလာနိုင်ပြီး နွေရာသီတွင် ရေအနက် ၁၉ ပေခန့်အထိ ရှိသည်။ မော်လမြိုင်မြို့မှ ကြာအင်းဆိပ်ကြီးမြို့အထိသာ သင်္ဘော/စက်လှေများ သွားလာနိုင်ပြီး ဇမိမြစ်ဖျားပိုင်းတွင် ရေခမ်းခြောက်သဖြင့် မသွားလာနိုင်ပေ။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အရောင်းအဝယ် လုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်မှ အခြားဒေသများသို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်ပါသည်။ အဓိက ထွက်ကုန်များမှာ ရှောက်သီး၊ သံပုရာသီး၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ဝဥ၊ ပျားရည်နှင့် ရော်ဘာတို့ဖြစ်သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်မှ မုလအိစေတီမှာ အထူးထင်ရှားကျော်ကြားသည်။

Attractions in ကြာအင်းဆိပ်ကြီး