နွားထိုးကြီးမြို့နယ်သည် အရှေ့မှအနောက်သို့ ၃၀/၃ မိုင်နှင့် တောင်မှမြောက်သို့ ၂၂/၂ မိုင် ရှည်လျားပါသည်။ နွားထိုးကြီးမြို့နယ် မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်နှင့် ၁၆ မိုင် ၊ အရှေ့ ဘက်တွင် မြစ်သားမြို့နယ် ၂၂/၄ မိုင်၊ တောင်ဘက်တွင် တောင်သာမြို့နယ် ၁၀ မိုင်၊ မလှိုင်မြို့နယ်နှင့် ၁၂ မိုင်၊ဝမ်းတွင်းမြို့နယ်နှင့် ၂၀ မိုင် ၊ အနောက်ဘက်တွင်မြင်းခြံ မြို့နယ်နှင့် ၁၂ မိုင် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။
နွားထိုးကြီးမြို့နယ်တွင် မြစ်များ စီးဆင်းခြင်း မရှိဘဲ ချောင်း အနည်း ငယ်သာရှိပြီး ချောင်းများသည် အရှေ့မှ အနောက်သို့စီးဆင်း၍ ပြောင်းပြာ ဆည်အတွင်းဝင်ရောက်ကြပါသည်။ ထင်ရှားသောချောင်းမှာ ပြောင်းပြာ ချောင်းဖြစ်ပြီး မြို့၏အနောက်တောင်ဘက်၌ အရှေ့မှ အနောက်သို့ စီးဆင်းပါ သည်။
ဒေသသမိုင်းအကျဉ်း
သက္ကရာဇ် ၇၆၃ ခုနှစ်၊အင်းဝပထမ မင်းဆက် မင်းကြီး စွာဆော်ကဲ လက်ထက်တွင် “နွားဓိုရ်”ရွာအဖြစ်တည်ရှိကြောင်း ကျောက်စာအရ နွားဓိုရ် ဟူသည် နွား+ဓိုရ်=နွား+ဓူဝ= အလေ့အကျင့်၊ နွားများကိုထိန်း ကျောင်း လေ့ကျင့်သောရွာဟု ခေါ်ဝေါ်ကြကြောင်း သုတေသီများ ဆိုကြပါသည်။ အချို့မှာလည်း နွားများဖြင့် အသက်မွေး ၍တိုးတက်ကြီးပွားသော ကြောင့် “နွားတိုး” ဟုသမုတ်ကြပါသည်။ ကာလရွေ့လျားလာပြီး နွားဓိုရ် နွားတိုးမှ နွားထိုးကြီးဟု ခေါ်ဝေါ် သုံးစွဲလာခြင်း ဖြစ်နိုင်ကြောင်း၊ ကောဇာ သက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ရှင်ပင်သာဒွန်းဦးဘုရား ခေါင်းလောင်းစာအရ ယူဆရပါသည်။ နွားထိုးကြီး မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါစာအမှတ်၊၁၀၃/၉၄ စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၆ ရပ်ကွက် ၊ ကျေးရွာ အုပ်စု ၆၄ အုပ်စု၊ ကျေးရွာပေါင်း ၁၈၆ ရွာဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၈-၁၀-၂၀၀၉ ရက်စွဲပါစာအမှတ်၊၂၀၀/၂၂-၃၈၃/ဦး(၁) ဖြင့် ရပ်ကွက် ၂ ခု ၊ ကျေးရွာ ၂ ရွာ တိုးချဲ့ ဖွဲ့စည်းခဲ့သဖြင့် စုစုပေါင်း ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၄ အုပ်စု ၊ ကျေးရွာပေါင်း ၁၈၈ ရွာဖြင့် ဖွဲ့စည်း ထားသောမြို့နယ်ဖြစ်ပါသည်။