"ရွှေကူ"

ရွှေကူမြို့နယ်သည် ပုဂံခေတ်တွင် အနော်ရထာမင်းကြီးမှ မြစ်ကမ်းမြို့ ၄၃ မြို့ကို တည်ထောင်ရာတွင် မြစ်ကမ်းမြို့ တစ်မြို့အဖြစ် သမိုင်းတွင် ထင်ရှားခဲ့သည်။ ရှမ်းစကား ဝှေကူမှ ရွှေကူဟု ပြောင်းလဲ ခေါ်ဝေါ်လာကြသည်ဟု ရွှေပေါ်ကျွန်း(ကျွန်းတော်)ဘုရားသမိုင်းတွင် ဖော်ပြထားပါသည်။ ၁၈၈၇ ခုနှစ်တွင် ရွှေကူမြို့ကို ခရိုင်ခွဲသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ရာ ပထမဆုံး ခရိုင်ခွဲဝန်ထောက်အဖြစ် အုပ်ချုပ်ခဲ့သူမှာ မစ္စတာဘလိုနေ ဖြစ်သည်။ ရွှေကူနေရာတွင် လူနေဒေသအဖြစ် စတင်ပေါ်ပေါက်လာသည်မှာ BC-260 တွင်ဖြစ်ကြောင်း သမိုင်းအထောက်အထား၌ တွေ့ရှိရသည်။ ရွှေကူမြို့ကို ၁၉၆၂ ခုနှစ်၊ မြို့မြေကွက်များ ချရာတွင် မြေကွက် ၁၀ ကွက်ယူ၍ နယ်ပိုင်ဝန်ထောက် ရုံးထိုင်ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ (၁၄-၉-၁၉၇၃) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရွှေကူမြို့နယ်ကို ဖွဲ့စည်းခဲ့ပါသည်။ ရွှေကူမြို့နယ်သည် ဧရာဝတီမြစ်၏အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ၁၁၈၇.၅၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ ၅၆.၃ မိုင်၊ တောင်မှမြောက်သို့ ၇၆ မိုင် ရှည်လျားပါသည်။ ရွှေကူမြို့နယ်သည် မြို့လှမြို့အပါ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၃၇ စု၊ ကျေးရွာပေါင်း ၁၀၅ ရွာပါဝင်ပြီး လူဦးရေပေါင်း ၉၁၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့ဘက်တွင် ဗန်းမော်မြို့နယ်၊ အနောက်ဘက်တွင် ကသာမြို့နယ်၊ တောင်ဘက်တွင် မံစီမြို့နယ်၊ မြောက်ဘက်တွင် မြစ်ကြီးနားမြို့နယ်တို့နှင့် တည်ရှိပါသည်။ ရွှေကူမြို့နယ်သည် တောင်တန်း ပေါများပြီး မြေနိမ့်လွင်ပြင်မှာ တစ်မြို့နယ်လုံး၏ ၅ပုံ ၂ပုံခန့်သာ ရှိပါသည်။ ထင်ရှားသောတောင်များမှာ မောင်နှမတောင်၊ ဥဒေါင်းတောင်၊ နတ်မျက်နှာတောင်တို့ဖြစ်သည်။ မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် တောင်မှမြောက်သို့ စီးဆင်းလျှက်ရှိသည်။ ဧရာဝတီမြစ်၊ မိုးစစ်ချောင်း၊ ပေါင်းနက်ချောင်းတို့မှာ ထင်ရှားသောမြစ်ချောင်းများ ဖြစ်ပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်လျှက်ရှိသည်။ ချောင်းများအတွင်း စက်လှေများဖြင့် သွားလာနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၂ပေ အထက်တွင် တည်ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန်မှာ ၃၁.၃˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းခြင်းလုပ်ငန်း၊ အိုးလုပ်ငန်းများကို အဓိက လုပ်ကိုင် ဆောင်ရွက်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ သစ်၊ ဝါး၊ ဆန်စပါး၊ ပဲ၊ ငါးတို့ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ဆက်သွယ် သွားလာနိုင်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ ရွှေပေါ်ကျွန်းဘုရား၊ ရွှေအံတော်ဘုရား၊ ဇိနမာန်အောင် ရန်ပြေ မာန်ပြေဘုရားနှင့် မြို့လှမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော်တို့မှာ ထင်ရှားသည့်စေတီများဖြစ်ပါသည်။

Attractions in ရွှေကူ