အလုံမြို့နယ်သည် ရပ်ကွက် ၁၁ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၅၅၁၇၂ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁.၀၄ စတုရန်းမိုင်ရှိပါသည်။ အလုံမြို့နယ်၏အရှေ့ဘက်တွင် ဒဂုံမြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်၊ တောင်ဘက်တွင် လမ်းမတော်မြို့နယ်နှင့် ဆိပ်ကမ်း၊ မြောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။
အလုံမြို့နယ်သည် အများအားဖြင့် ညီညာပြန့်ပြူးပြီး အရှေ့ ဘက်မှ အနောက်ဘက်သို့ လျှော၍ နိမ့်ဆင်းသွားပါသည်။ မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောမြစ်မှာ ရန်ကုန်မြစ် ဖြစ်ပြီး အလုံမြို့နယ်၏ အနောက်ဘက်နယ်နိမိတ်အဖြစ် မြောက် မှ တောင် သို့ စီးဆင်းလျက် ရှိရာ အရှည် ၂.၁၀ မိုင်ရှိပါသည်။
ဒေသသမိုင်းအကျဉ်း
မုံရွာမြို့ (အလုံရပ်) မှ လူများလာရောက် နေထိုင်ကြသည်ကို အစွဲပြု၍ အလုံရပ်ဟု ခေါ်တွင်ကြောင်း သိရသော်လည်း မည်သည့် အချိန်မှစ၍ ခေါ်တွင်ခဲ့ကြောင်း တိကျသော အထောက်အထားများ မတွေ့ရှိရပါ။ သို့ရာတွင် ၁၉၇၀ ပြည့်နှစ်ကလှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွား သော ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်အား ပြန်လည် တည့်မတ်ရန်အတွက် ခေတ္တဖြုတ်ချခဲ့သော ဆည်းလည်းပေါင်း ၁၄၀၀ ခု၌ “၁၁၃၆ ခုနှစ်၊ အလုံရပ်နေ အမိန့်တော်ရ ဦးကုလား လှူဒါန်းသည်” “၁၂၁၆ ခု၊ တပို့တွဲလဆန်း ၁၆ ရက်က အလုံရပ်နေ ဆွေမျိုးတစ်စု တို့ကပြုသည့်ကောင်းမှု”စသည်ဖြင့် ကမ္ဗည်းထိုးထားသောခေါင်းလောင်း အမှတ် ၁၁၆၊ ၂၅၇၊ ၅၃၇၊ ၇၇၇ တို့အရ အလုံမြို့နယ်သည် သက္ကရာဇ် ၁၁၃၆ ( ခရစ်နှစ် ၁၇၇၄-ခု ) ကတည်းကပင် “အလုံ” ဟုခေါ်တွင်ခဲ့ကြောင်း သမိုင်း အထောက်အထားများအရ သိရှိရပါသည်။ လွတ်လပ်ရေး ရရှိချိန်တွင် အလုံတိုက်နယ်ဟုခေါ်တွင်ခဲ့ပြီး နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီခေတ်တွင် “အလုံဒေသစိတ်” ဟုအမည် တွင်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောတော်လှန်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ်(၁/၇၂)အရ ရန်ကုန်တိုင်းကို မြို့နယ် ၂၉ မြို့နယ်ခွဲခြားသတ်မှတ်လိုက်ရာ “အလုံမြို့နယ်” ဟု ဖြစ်လာပါသည်။