တီးတိန်မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၇.၉.၁၉၇၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ မြို့နယ်အဖြစ် အုပ်ချုပ်ခွင့်ရခဲ့ပါသည်။ တီးတိန်မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၂ မိုင်၊ တောင်မှမြောက်သို့ ၃၁ မိုင် ရှည်လျားပြီး ၉၄၉.၆၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကလေးမြို့နယ်၊ တမူးမြို့နယ်၊ တောင်ဘက်တွင် ဖလမ်းမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် တွန်းဇန်မြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်လျှက် ရှိသည်။ တီးတိန်မြို့နယ်သည် မြေပြန့်လွင်ပြင်ဟူ၍ မရှိဘဲ ပေ ၃၀၀၀ မှ ၈၀၀၀ ကျော်မြင့်သည့် တောင်တန်း တောင်စွယ်များနှင့် ယင်းတို့အကြား ဗွီပုံစံကဲ့သို့ မတ်စောက်သော ချိုင့်ဝှမ်းများ တည်ရှိပါသည်။ တောင်ကုန်း တောင်တန်းများ အကြား မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ မဏိပူရ်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျှက် ရှိသည်။ တီးတိန်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ အမြင့်ပေ ၅၆၆၇ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ထွမ်းဝုမ်း (သို့) သီရိဥတ္တမတောင် (၈၈၇၁ ပေ) ဖြစ်ပါသည်။ တီးတိန်မြို့နယ်သည် စိုစွတ်အပူလျော့ (သို့) သမပိုင်းရာသီဥတုရှိသော်လည်း တောင်တန်းထူထပ်သဖြင့် အအေးလွန်ကဲ၍ စိုစွတ်ပါသည်။ ဆောင်းရာသီတွင် မိုး အနည်းငယ် ရွာသွန်း၍ မြေထဲပင်လယ် ရာသီဥတုဆန်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ (ပျမ်းမျှ) ၂၅.၅ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ တီးတိန်မြို့နယ်တွင် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၅၅ စု၊ ကျေးရွာပေါင်း ၁၃၀ ရွာပါဝင်ပြီး လူဦးရေပေါင်း ၉၉၀၀၀ ကျော် နေထိုင်ပါသည်။ တီးတိန်မြို့နယ်သည် စီးပွားရေး အချက်အချာကျသော မြို့နယ်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုကြပါသည်။ တီးတိန်မြို့နယ်သည် ကလေး-တီးတိန်-တွန်းဇန်-တီခါးကား လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိက ထုတ်ကုန်မှာ ပန်းသီး၊ လိမ္မော်၊ ကော်ဖီတို့ ဖြစ်ကြသည်။ တီးတိန်မြို့နယ်၊ ဘွင်မံကျေးရွာအုပ်စု၊ ဝေါ့လပ်ကျေးရွာရှိ ရှာလ်လုမ်း ခံတပ်သည် မြန်မာနိုင်ငံ၏ ဒုတိယအထင်ရှားဆုံး ခံတပ်ဖြစ်ပါသည်။