"ပုဇွန်တောင်"

အလောင်းမင်းတရားသည် ရန်အပေါင်းကို နှိမ်နင်း၍ ဒဂုံအား ရန်ကုန်ဟု သမုတ်ခဲ့စဉ်က ပုဇွန်တောင်သည် ရွာကြီးတရွာမျှသာ ဖြစ်ခဲ့သည်။ ပုဇွန်တောင်နယ်မြေသမိုင်းသည် ရွှေတိဂုံစေတီတော် သမိုင်းနှင့်လည်း ဆက်စပ်လျှက်ရှိသည်။ သိင်္ဂုတ္တရကုန်းမြေမှ အဖျားခံ၍ စီးဆင်းသော ချောင်းငယ် မြောင်းငယ်များသည် ပုဇွန်တောင်ချောင်းအတွင်း စီးဆင်း ဝင်ရောက်လာရာ ထိုချောင်းငယ်နှင့်အတူ စေတီတော်ကြီးအား ကပ်လှူပူဇော်ပြီးနောက် စွန့်ပြစ်လိုက်သော ပန်းများ မျောပါလာသည်ကို အကြောင်းပြု၍ ထိုချောင်းကို ပန်းစွန့်ချောင်း၊ မျောပါလာသော ပန်းများ တောင်ကုန်းတမျှ လာရောက်စုပုံနေသောအရပ်ကို ပန်းစွန့်တောင်(သို့) ပန်းသွန်းတောင်ဟု ခေါ်ခဲ့ကြောင်း နောင်ကာလ ရွေ့လျားလာသောအခါ ပုဇွန်တောင်ဟု ခေါ်တွင်လာခဲ့ကြောင်း အဆိုရှိခဲ့သည်။ သုတေသီအချို့က ၁၈၄၅ခုနှစ် ဓမ္မစေတီမင်းကြီး စိုက်ထူခဲ့သော ကျောက်စာများအရ ပုဇွန်ဒီချောင်းရှိ၏ဟု ဖေါ်ပြထား၍ ပုဇွန်ဒီချောင်းမှ ပုဇွန်တောင်ချောင်းဖြစ်လာသည်ဟု တွေးဆမှုလည်း ရှိသည်။ ပုဇွန်တောင်မြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀-၄-၁၉၇၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် (၁၀)ခုဖြင့် ဖွဲ့စည်းခဲ့သည်။ပုဇွန်တောင်မြို့နယ်ကို ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၄၄၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၀.၇၉၃ မိုင်၊ တောင်မှမြောက်သို့ ၀.၄၉၂ မိုင် ရှည်လျားပြီး ၀.၃၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဒေါပုံမြို့နယ်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ မြောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်သည် မြစ်၊ ချောင်းနည်းပါးပြီး ချောင်းငယ်၊ မြောင်းငယ်များမှ ရေများသည် ပုဇွန်တောင်ချောင်းသို့ စီးဝင်ကြပြီး ပုဇွန်တောင်ချောင်းသည် ဒေါပုံမြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်ကြားမှ ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ပုဇွန်တောင်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၄.၉ ပေ အထက်တွင် တည်ရှိပါသည်။ ပုဇွန်တောင်မြို့နယ်သည် သမပိုင်းဇုံအတွင်း ကျရောက်ပြီး အမြင့်ဆုံး အပူချိန်မှာ ၄၁˚C ဖြစ်သည်။ ပုဇွန်တောင်မြို့နယ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိပြီး အခြားဒေသများသို့လည်း ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် ကုမ္ပဏီလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြပါသည်။ ပုဇွန်တောင်မြို့နယ် ဦးရွှေဂွန်းလမ်းတွင် တည်ထားကိုးကွယ်သော ရွှေဘုန်းပွင့်စေတီတော်မှာ ကြည်ညိုဖွယ်ကောင်းလှပါသည်။

Attractions in ပုဇွန်တောင်