"လင်းခေး"

လင်းခေးမြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၂.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ လင်းခေးမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၀ မိုင်၊ တောင်မှမြောက်သို့ ၆၂ မိုင်ရှည်လျားပြီး ၁၅၆၈.၉၇၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် မိုင်းပန်မြို့နယ်၊ တောင်ဘက်တွင် သံလွင်မြစ်နှင့် ဟိုမိန်းမြို့၊ အနောက်ဘက်တွင် မောက်မယ်မြို့နယ်၊ မြောက်ဘက်တွင် မိုးနဲမြို့နယ်တို့ တည်ရှိသည်။ တောင်ကုန်း တောင်တန်း ပေါများသော ဒေသဖြစ်သည်။ လင်းခေးမြို့နယ်၏ တောင်ဘက်တွင် စီးဆင်းနေသော သံလွင်မြစ်သည် ထင်ရှားသည်။ မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ နမ်တိန်းချောင်းသည် လင်းခေးမြို့ အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းကာ သံလွင်မြစ်အတွင်းသို့ စီးဝင်ပါသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။ လင်းခေးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၉၉၆ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ လွိုင်စလေတောင် (၆၀၃၀ ပေ) ဖြစ်သည်။ ပူအိုက်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ လင်းခေးမြို့နယ်တွင် ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၁၄ စု၊ ကျေးရွာပေါင်း ၉၄ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၄၇၀၀၀ ကျော် နေထိုင်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်းကို အဓိကအသုံးပြုပြီး လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်ပါသည်။ အဓိက ထွက်ကုန်မှာ ကြံသကာဖြစ်ပြီး စပါး၊ ပဲစဉ်းငုံ၊ နှမ်း၊ ပြောင်း၊ မြေပဲစသည့် သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ လင်းခေးမြို့နယ်မှ ရေပူစမ်းမှာ သွားရောက်လည်ပတ်ရန် သင့်လျော်ပါသည်။

Attractions in လင်းခေး