"မာန်အောင်"

မာန်အောင်မြို့နယ်ကို မာန်အောင်ကျွန်း ၁၉၇.၈၄ စတုရန်းမိုင်၊ ရဲကျွန်း ၃.၅၉ စတုရန်း မိုင်၊ တိုက်ကျွန်း ၀.၆၂ စတုရန်းမိုင်ဖြင့် ဖွဲ့စည်းထားပါသည်။ အရှေ့မြောက် ၂၂ မိုင် တောင်နှင့်မြောက် ၁၈ မိုင်ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၂၀၂.၀၅ စတုရန်းမိုင်ရှိသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် မာန်အောင်ရေလက်ကြား ခြားလျက် ရမ်းဗြဲကျွန်း၊ အနောက်ဘက်နှင့်တောင်ဘက်တွင် ဘင်္ဂလားပင်လယ် တို့ရှိပါသည်။ မာန်အောင်မြို့နယ်၏ အမြင့်ဆုံးတောင်ထိပ်မှာ ၉၇၂ ပေရှိပြီး အနိမ့်ဆုံးတည်ရှိသည့်ကျေးရွာမှာ ရေမျက်နှာပြင်အထက် ၆ ပေ ဖြစ်ပါ သည်။ မြို့နယ်၏အရှေ့ဘက်နှင့်မြောက်ဘက်မှာ မြေပြန့်များပြီး တောင်ဘက် နှင့် အနောက်ဘက်အလယ်ပိုင်းတို့တွင် တောင်ကြော တောင်တန်းများရှိပါ သည်။ မာန်အောင်မြို့နယ်သည် ပင်လယ်ပြင်ကျွန်းမြို့ဖြစ်သည့်အတွက် ပင်လယ်ရေငန်မှစီးဝင်သော ချောင်း၊ မြောင်းများ၊ ပေါများပါသည်။ ထင်ရှားသောချောင်းများမှာ အုန်းချောင်း၊ ကျီချောင်း၊ ပန်းခြံချောင်း၊ သစ်ချောင်းနှင့် ကမားချောင်းများဖြစ် ကြပါသည်။ ၎င်းချောင်းများတွင် ပင်လယ်ရေတိုးဝင်မှုများပြီး လှေ၊ မော်တော်များအဝင်အထွက်ကောင်း သောချောင်းများဖြစ်ပါသည်။ အုန်းချောင်းသည် မာန်အောင်မြို့၏ သင်္ဘောဆိုက်ကပ်သော ချောင်းတစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ အမြင့်ဆုံးပုလဲငူတောင်မှာ ၉၇၂ ပေမြင့်ပါသည်။ အနိမ့်ဆုံးနေရာမှာ ကမ်းနားရပ်ကွက်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

မာန်အောင်မြို့နယ်ကို ဓည၀တီခေတ်တွင် ‘မေဃဝတီ' ကိုလိုနီ ခေတ်တွင် ချီဒူပါ၊ မြောက်ဦးခေတ်တွင် မာန်အောင်ဟု ခေါ်ဝေါ်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၇၉၂ ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်သည် မြောက်ဦး ကိုတည်ထောင်ခဲ့ပြီးနောက် နန္ဒသူရိယ အမတ်နှင့် မြို့စားတစ်ဦးကို ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်မြို့နယ်များကို မြို့ရွာစနစ်တကျ တည်ထောင်ရန်တာဝန် ပေးအပ်ခဲ့ပါကြောင်း ရခိုင်ရာဇဝင်သမိုင်းတွင် တွေ့ရှိရပါသည်။ မာန်အောင် မြို့နယ်ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၁၂-၇-၁၉၇၂) ရက်စွဲပါစာအမှတ်၊၁၀၃/၃၁၊စိတ်(၁)နှင့် (၉-၁၁-၁၉၇၂)ရက်စွဲပါ စာအမှတ်၊ ၁၀၃/၃၁/စိတ်(၁) (ပြင်ဆင် ချက်)ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

Attractions in မာန်အောင်