"သုံးခွ"

မှော်ဝန်းချောင်း၊ သိင်္ဂီချောင်းနှင့် တကောချောင်းတို့ ဆုံရာနေရာတွင် မြို့အဖြစ် တည်ထောင်ထားခြင်းကြောင့် သုံးခွမြို့နယ်ဟု ခေါ်ဝေါ်ပါသည်။ မြို့စတည် တည်ထောင်ရာ နေရာသည် အမှတ် ၅ ရပ်ကွက် လှေရုံပိုင်းတွင် စတင်တည်ထောင်သည်ဟု သိရပါသည်။ သုံးခွမြို့နယ်တွင် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၆၄ စု၊ ကျေးရွာပေါင်း ၁၆၂ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်သည်။ သုံးခွမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၇.၅ မိုင်၊ တောင်မှမြောက်သို့ ၁၅.၅ မိုင် ရှည်လျားပြီး ၃၂၂.၅၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ တောင်ဘက်တွင် ကျောက်တန်းမြို့နယ်၊ အနောက်ဘက်တွင် သန်လျင်မြို့နယ်၊ မြောက်ဘက်တွင် ခရမ်းမြို့နယ်တို့ တည်ရှိသည်။ သုံးခွမြို့နယ်၏ မြေမျက်နှာသွင်ပြင်သည် ညီညာပြန့်ပြူးပြီး ချောင်း၊ မြောင်းများ ပေါများပါသည်။ သုံးခွမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၁၄ ပေတွင် တည်ရှိပါသည်။ သုံးခွမြို့နယ်သည် ပူနွေးစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃˚C ဖြစ်သည်။ သုံးခွမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အခြားဒေသများသို့လည်း ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်များမှာ ဆန်စပါးနှင့် ပဲတီစိမ်းတို့ဖြစ်သည်။

Attractions in သုံးခွ