"ဆားလင်းကြီး"

ဆင်ပေါင်ဝဲမြို့နယ်သည် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၃၉ စု၊ ကျေးရွာပေါင်း ၁၅၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၆၀၈၁ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၂၆၃.၀၁၇ စတုရန်းမိုင်ရှိးသည်။ မြောက်ဘက်တွင် ယင်းမာပင် မြို့နယ်၊  အရှေ့ဘက်တွင် ချင်းတွင်းမြစ်ခြားလျက် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ တောင်ဘက် တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်၊ အနောက်ဘက်တွင် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့နှင့် နယ်နိမိတ် ချင်းထိစပ်နေပါသည်။ မြို့နယ်၏ ထက်ဝက်ခန့်မှာ တောင်ကုန်းများရှိပြီး ချင်းတွင်းမြစ်ရိုး တစ်လျှောက် မြို့အနောက်ဘက်နှင့် တောင်ဘက်တို့တွင် မြေပြန့်များ ရှိပါသည်။ မြို့နယ်၏အရှေ့ဘက်တွင် ချင်းတွင်းမြစ်သည် မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိပြီး မြို့နယ်၏ မြောက်ဘက်မှ မြောက်ယမားချောင်းသည်လည်းကောင်း၊ တောင်ဘက်မှ တောင်ယမား ချောင်းသည်လည်းကောင်း ချင်းတွင်းမြစ် အတွင်းသို့ စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

ဆားလင်းကြီးမြို့ကို အင်းဝခေတ်ကပင် စတင်တည်ထောင်ခဲ့ပါသည်။ မြို့တည်သက္ကရာဇ်ကို “တုတ်ခွန်တင်း-ဆားလင်းတည်” ဟူ၍လည်းကောင်း “တုတ်ခွန်သွင်း-ဆားလင်းတည်”ဟူ၍လည်းကောင်း . အဆိုရှိခဲ့သည်။ ခိုင်မာသော အထောက်အထားများမရှိပါ။ တောင်စဉ်သူကြီး တည်ခဲ့သော တောင်စဉ်ဘုရား ကျောက်စာအရ သက္ကရာဇ် ၇၁၁ သည် မြို့တည်သက္ကရာဇ်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဆားလင်းကြီးမြို့နယ်၊ ပိုင်းတောင်ကြီးရွာအနီး ထောက်မကုန်းမှတွေ့ရှိရသော အထောက်အထားများအရ ကျောက်ခေတ်သစ်လူသားများ နေထိုင်ခဲ့ကြောင်း သမိုင်းပညာရှင်များ၏ လေ့လာမှုအရသိရပါသည်။ ယဉ်ကျေးမှုအဆင့်အတန်းသည် သံခေတ်သို့ ကူးပြောင်းလုနီး ကျောက်ခေတ် သစ်ယဉ်ကျေးမှုအဆင့်အတန်းဖြစ်ပါသည်။ ဆားလင်းကြီးမြို့နယ်သည် ကျောက်ခေတ်ကပင် လူသားများနေထိုင်ခဲ့သော မြို့နယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရှေးခေတ်က“ဗန့်ကျီတိုက်” ဟူသောအမည်က ပို၍ထင်ရှားသည်။ ဆားလင်းကြီးမြို့သည် မြို့ရွာမတည်မီက တောကြီးမျက်မဲဒေသ ဖြစ်ပြီး သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စသော သတ္တဝါများကျက်စားရာ ဌာနဖြစ်သည်။ ရေအိုင်များမှ ရေကိုဆားချက်ခဲ့ကြောင်း ဆားချက်ရာတွင် နေ့ရောညဉ့်ပါ ဆားချက်နိုင်ရေးအတွက် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာန၌ ရွာတည်သောကြောင့် မူလက “ဆားလင့်” ဟုခေါ်ခဲ့ကြောင်း၊ လူနေအိမ်ခြေစည်ကားတိုးတက်လာသဖြင့် “ကြီး” တစ်လုံး တိုးကာ “ဆားလင့်ကြီး” ဟုခေါ်ခဲ့ကြောင်း၊ ကာလကြာသည့်အခါ “ဆားလင်းကြီး” ဟုခေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

Attractions in ဆားလင်းကြီး