"မူဆယ်"

မူဆယ်မြို့နယ်သည် အရှေ့မှအနောက်သို့ ၅၂ မိုင်၊ တောင်မှမြောက်သို့ ၂၆ မိုင် ရှည်လျားပြီး ၅၈၀.၅၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဝမ်တိန်မြို့၊ မန်ဟိုင်းမြို့တို့ရှိပြီး၊ တောင်ဘက်တွင် ကွတ်ခိုင်မြို့နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်၊ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ဂေါင်မြို့တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ မူဆယ်မြို့နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ဂေါင်မြို့၊ ဝမ်တိန်မြို့၊ မန်ဟိုင်းမြို့တို့နှင့် ထိစပ်မှုမိုင်မှာ ၆၁.၆၆ မိုင် ဖြစ်ပါသည်။ မူဆယ်မြို့နယ်သည် တောင်ကုန်း တောင်တန်းပေါများပြီး မြေပြန့်နည်းပါးသည်။ နမ့်ကတ်တောင်တန်း၊ စီစီဝမ်တာပန်တောင်တန်း၊ နမ့်ချက် တောင်တန်း၊ လွယ်ဆန်ပန်တောင်တန်း၊ ပန်လုံတောင်တန်းနှင့် ပွိုင့် ၄၅၆၁ တောင်ကုန်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းများ နည်းပါးပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိသည်။ ရွှေလီမြစ်၊ မုံးကိုးချောင်း၊ တီးမချောင်း၊ နမ့်ပေါ်ချောင်း၊ နမ့်စေးချောင်းတို့မှာ ထင်ရှားသည်။ မူဆယ်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၂၇၀၀ ပေအထက်တွင် တည်ရှိသည်။ မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ မူဆယ်မြို့နယ်တွင် ရပ်ကွက် ၂၄ ခု၊ ကျေးရွာအုပ်စု ၆၃ စု၊ ကျေးရွာပေါင်း ၃၂၂ ရွာပါဝင်ပြီး ၁၄၀၀၀၀ ကျော် နေထိုင်ပါသည်။ မူဆယ်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သော မြို့နယ်ဖြစ်သည်။ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မူဆယ်မြို့နယ်သည် ကုန်းလမ်းကြောင်း လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ အစေ့ထုတ်ပြောင်းဖြစ်သည်။

Attractions in မူဆယ်