ရှင်ပင်နန်းဦးစေတီ

Listing Description

ရှင်ပင်နန်းဦးစေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်၊ လမ်းဦးတောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ ထို့ကြောင့် ရှေးယခင်က လမ်းဦးဘုရား၊ လမ်းဦးမုဋ္ဌောဟူ၍ ခေါ်တွင်ကြပါသည်။ အသောကမင်းကြီးကောင်းမှုဖြစ်သော စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ သက္ကရာဇ် ၆၆၂ ခုနှစ် စစ်ကိုင်းအသင်္ခယာစောယွန်း၏ ခမည်းတော် ပင်းတယတစီးရှင်သီဟသူမင်းလက်ထက်တွင် သီဟိုဠ် (သီရိလင်္ကာ)ပြန်ဆရာတော်တစ်ပါးက ထပ်မံပြုပြင်တည်ထားခဲ့ပါသည်။ သီဟိုဠ်ပြန်ဆရာတော် ရေးထိုးထားသည့် နန်းဦးစေတီတော်သမိုင်းတွင် ကံ့ကော်၊ ဂမုန်း၊ စွယ်တော်၊ ကြက်ရုံး၊ ခတ္တာ၊ ယင်းမာစသော ပန်းစုံပေါသည့် ဤအရပ်တွင် နန်းမြို့တည်ခဲ့ရာမှ စေတီတော်သည် နန်းဦိး၌ဖြစ်သဖြင့် နန်းဦးရှင်ပင်ဟု ဘွဲ့မည်တွင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ နန်းဦးစေတီ၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့တွင် စာရေးတံမဲပဒေသာနှင့် သံဃာ့ဒါနဆွမ်းလောင်းပွဲကြီးကို ပူးတွဲ၍ စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပကြပါသည်။