ဥမင်သုံးဆယ်စေတီ

Listing Description

ဥမင်သုံးဆယ်ဘုရားသည် စစ်ကိုင်းတောင်ရိုး၊ စာမရီတောင်ထိပ်တွင် တည်ရှိပြီး  သက္ကရာဇ် ၆၈၇ ခုနှစ်တွင် စစ်ကိုင်းတရဖျားမင်း၏ ငယ်ဆရာနှင့် အင်းဝသတိုးမင်းဖျား၏ နန်းဦးဆရာတော်ဖြစ်သော ပဒူသင်္ဃရာဇာ ဆရာတော်ကြီးသည် ဘုရားရှင်၏ ဓါတ်တော်မွေတော်များနှင့်အတူ ပြဒါးရှင်ဓါတ်လုံးတော်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ ကျောက်တောင်ကြီးကို အလျား ၁၉၀ ပေ အနံ ၁၄ ပေ ရှိသော လိုဏ်ဂူတော်ကြီးထွင်းဖောက်ပြီး မြတ်စွာဘုရား၏ ဝါတော် ၄၅ ဝါအရ ရုပ်ပွားဆင်းတုတော် ၄၅ ဆူအား တည်ထားပြီး ပါရမီတော် ၁၀ ပါးအပြားသုံးဆယ်အရ လိုဏ်ဂူတော်ကြီးအား ဝင်ပေါက်ထွက်ပေါက် ၃၀ ထားရှိ၍ တည်ထားပူဇော်ခဲ့ပါသည်။ ဥမင်လိုဏ်မှာ မုခ်ဝသုံးဆယ်ရှိခြင်းကို အကြောင်းပြု၍ ဥမင်သုံးဆယ်ဟု ခေါ်ဝေါ်ကြပါသည်။ ခေတ်အဆက်ဆက် မင်းအဆက်ဆက်တို့မှ ပြုပြင်လာခဲ့ရာ သက္ကရာဇ် ၁၂၀၈ ခု တပေါင်းလဆန်း ၁၃ ရက်နေ့တွင် သီရိသုဓမ္မ တိလောက ပရဝ ရာဇာဓိရာဇာ ဘွဲ့တော်ခံ ပုဂံမင်းတရားကြီးမှ ပြန်လည်ပြုပြင်ခဲ့ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါခေါင်လပြည့်နေ့တွင် ကျင်းပပါသည်။ ဥမင်သုံးဆယ်မှ စစ်ကိုင်းမြို့ အလှကို မြင်တွေ့ရနိုင်ပြီး စစ်ကိုင်းမြို့ အတွင်းရှိ ဘုရားများကို အဝေးမှ ဖူးမြော်နိုင်သည်။