"တာမွေ"

တာမွေမြို့နယ်သည် ရွှေတိဂုံဘုရားသမိုင်းအရ မောင်ကံအမည်ရှိ ပုဂံသူရဲကောင်းတစ်ဦးသည် ရွှေတိဂုံဘုရားမှ ဓါတ်တော် မွေတော်များကို ခိုးယူပင့်ဆောင်ရန် ကြံစည်အားထုတ်သဖြင့် နတ်ကောင်းနတ်မြတ်အပေါင်းတို့မှ ခိုးယူခြင်းမပြုနိုင်ရန် ကြီးမားသော မြွေကြီးတစ်ကောင် ဖန်ဆင်း၍ တားဆီးခဲ့သည်ကို အစွဲပြုပြီး “တားမြွေ”ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားကာ “တာမွေ” ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။ ရှေးမွန်အမျိုးသားတစ်ဦး၏အဆိုအရ ‘တာမွေ’ ဟူသော စကားရပ်မှာ မွန်သမိုင်းတွင် ‘တာမွိုင့်’ဟု ပါရှိကြောင်း ‘တာ’ဆိုသည်မှာ ‘ထန်း’ဟုဆိုကြောင်း ‘မွိုင့်’ဆိုသည်မှာ ‘တစ်’ဖြစ်ကြောင်း၊ ထို့ကြောင့် အထင်ကရ ကြီးမားသော ထန်းပင်ကြီးတစ်ပင်ရှိသည်ကို အကြောင်းပြု၍ ‘တာမွိုင့်’မှ ‘တာမွေ’ဖြစ်လာကြောင်းကို ဒေသခံများမှ လက်ခံယုံကြည်လျှက် ရှိကြပါသည်။ တာမွေမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၀.၄.၁၉၇၄) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တာမွေမြို့နယ်ဟု ဖွဲ့စည်းပေးခဲ့ပါသည်။ တာမွေမြို့နယ်သည် အရှေ့မှအနောက်သို့ ၀.၉၅ မိုင်၊ တောင်မှမြောက်သို့ ၁.၉၅ မိုင် ရှည်လျားပြီး စတုရန်းမိုင်ပေါင်း ၁.၇၀၇၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်၊ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်တို့ တည်ရှိပါသည်။ တာမြွေမြို့နယ်တွင် မြစ်ဟူ၍ သီးခြားမရှိဘဲ ခုနှစ်ပင်လိမ်ချောင်း၊ နတ်ချောင်း၊ မိုးမခချောင်း၊ မြို့ပတ်ချောင်းဟုခေါ်သော ချောင်းငယ်များသာ ရှိပါသည်။ မြစ်ချောင်းအများစုသည် တောင်မှမြောက်သို့ စီးဆင်းလျှက်ရှိသည်။ မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၃၀ ပေအထက်တွင် တည်ရှိပါသည်။ တာမွေမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂.၂˚C ဖြစ်သည်။ တာမွေမြို့နယ်တွင် ရပ်ကွက် ၂၀ ပါဝင်ပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်ပါသည်။ တာမွေမြို့နယ်တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင် ၅ ဆိုင်၊ ဈေး ၇ ဈေး၊ ကုန်ထုတ်သမအသင်း ၉ သင်း၊ ဝန်ဆောင်မှုအသင်း ၂၆ သင်း၊ ကုန်သွယ်မှုအသင်း ၂၉ သင်း၊ စုစုပေါင်း သမဝါယမအသင်း ၆၄ သင်း ဖွဲ့စည်းထားရှိပါသည်။

Attractions in တာမွေ