"မြောက်ဥက္ကလာပ"

မြောက်ဥက္ကလာပမြို့နယ်သည် အရှေ့မှ အနောက်သို့ ၂.၇၈ မိုင် ကျယ်ဝန်းပြီး၊ တောင်မှမြောက်သို့ ၃.၇၁ မိုင် ရှည်လျားသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁၀.၃၂ စတုရန်းမိုင်ရှိပြီး မြို့နယ်အတွင်း စုစုပေါင်းလူဦးရေ ၂၈၉၉၂၈ ခန့်နေထိုင်ပါသည်။ မြောက်ဥက္ကလာပမြို့နယ်၏ အရှေ့ဘက်တွင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊ တောင်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ငမိုးရိပ်ချောင်းသည်မြို့၏ အရှေ့ဘက်မှ ဖြတ်သန်းစီးဆင်းပြီး ငမိုးရိပ်ချောင်းအတွင်းသို့ မယ်လမုချောင်း၊ ဆင်ဖုံချောင်းနှင့် ပေါက်တလောက် ချောင်းတို့ စီးဝင်နေကြပါသည်။

ဒေသသမိုင်းအကျဉ်း

မြောက်ဥက္ကလာပမြို့နယ်ကို ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နေ့တွင် အိမ်မြေနေရာများ ချထားပေးခဲ့ရာမှ စတင်တည်ထောင်ခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာ ရေးဝန်ကြီးဌာန၏ ၁၀-၄-၁၉၇၄ရက်စွဲပါ အမိန့်ကြော်ငြာစာအရ မြောက်ဥက္ကလာပမြို့နယ်ကို ရပ်ကွက်ပေါင်း ၁၇ ရပ်ကွက်ဖြင့် အတည်ပြုဖွဲ့စည်း ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၂၄-၈-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ၃/ ၃၃၅၊ အထ(၂) ဖြင့် ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာအရ ဝေဘာဂီအနောက် မြို့သစ်ရပ်ကွက် (ဝေဘာဂီမြို့သစ် ရပ်ကွက်)ကိုလည်း ကောင်း၊ ၂-၅-၁၉၉၀ ရက်စွဲပါ စာအမှတ် ၊ ၃/ ၃၄၀၊ အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ပေါက်တလောက် မြို့သစ်ရပ်ကွက် (ရွှေပေါက်ကံမြို့သစ်ရပ်ကွက်)ကို လည်းကောင်း တိုးချဲ့ ဖွဲ့စည်းပေးသဖြင့် ယခုအချိန်တွင်မြောက်ဥက္ကလာပမြို့နယ်သည် ရပ်ကွက် ပေါင်း ၁၉ ရပ်ကွက် ရှိပါသည်။

Attractions in မြောက်ဥက္ကလာပ