ခေါင်လန်ဖူးမြို့သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ(၄၆၈၀)ရှိပြီးတောင်ကုန်းထိပ်ပေါ်တွင်တည်ရှိသည်။
တောင်ခြေတွင်မေခမြစ်နှင့်အာချန်ခမြစ်တို့ကတောင်၏ ဘေး တစ်ဖက် တစ်ချက်မှ ကပ်၍ စီးဆင်း နေကြပြီးတောင်တန်း အစွန်၌ ပေါင်းဆုံကြသည်။
ခေါင်လန်ဖူးဒေသရှိထင်ရှားသည့်တောင်များမှာ ဂီထော့ တောင်(အမြင့် ပေ ၂၂၇၂၀)၊ ဇီးထန်တောင်(အမြင့် ပေ ၁၁၂၄၄)၊အူရိန်တောင်(အမြင့် ပေ ၉၅၃၃)နှင့် ရှိန်းခေါင် တောင် (အမြင့် ပေ ၁၀၅၂၃)တို့ ဖြစ်သည်။
ခေါင်လန်ဖူးမြို့၏ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လည်းကောင်း၊ တောင်ဘက်တွင် ဆွမ်ပရာဘွမ်နှင့်ဆော့လော်မြို့များနှင့်လည်း ကောင်း၊အနောက်ဘက်တွင်နောင်မွန်နှင့်မချမ်းဘော့မြို့ နယ်တို့နှင့်လည်းကောင်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သည်။
ခေါင်လန်ဖူးမြို့သို့ လာရောက်မည်ဆိုပါက ပူတာအိုမြို့မှတစ်ဆင့် လာရောက်ရမည် ဖြစ်သည်။ (၁၃၂)မိုင်ကွာ ဝေးသည်။ ရဟတ်ယာဥ်ကွင်း (၁)ကွင်းလည်း ရှိသည်။ ခေါင်လန်ဖူးမြို့နယ်၏ အကျယ်အဝန်းမှာ ဧရိယာစတု ရန်းမိုင် (၂၀၈၃.၃၉) ရှိသည်။
ရာသီဥတုမှာမိုးရာသီနှင့်ဆောင်းရာသီသာရှိသည်အမြင့် ဆုံး အပူချိန်မှာ (၃၀.၄°C) ရှိပြီး အနိမ့်ဆုံး အပူချိန်မှာ (၁.၅°C)ရှိသည်။
နေထိုင်ကြသည့်လူမျိုးများမှာ ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း တို့နေထိုင်ကြပြီး ကချင် မျိုးနွယ်စုများဖြစ်ကြသော လီ ဆူနှင့်ရဝမ် တိုင်းရင်းသားများ အဓိကနေထိုင်ကြသည်။
ခေါင်လန်ဖူးမြို့တွင် ရပ်ကွက်ပေါင်း(၄)ရပ်ကွက်၊ကျေး ရွာအုပ်စုအရေအတွက်(၂၄)နှင့် ကျေးရွာပေါင်း (၁၄၉) ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။
ခေါင်လန်ဖူးမြို့နယ်တွင် အဓိက လုပ်ကိုင်သော စီးပွား ရေးလုပ်ငန်းမှာ တောင်ယာ လုပ်ငန်းနှင့် လှေကားထစ်စိုက်ပျိုးရေး လုပ်ငန်းတို့ ဖြစ်သည်။
ခေါင်လန်ဖူးမြို့ ပေါ်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၆)ကျောင်း၊ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ဘုရား တစ်ဆူ ရှိသည်။
ခေါင်လန် ဆိုသည်မှာ ရဝမ် ဘာသာဖြင့် ချိုင့်ဝှမ်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ခေါင်လန်ဖူးကို တောင် ကုန်းများ အကြားမှ ချိုင့်ဝှမ်း နေရာဟု ဆိုနိုင်သည်။
ယခင်က ခေါ်ဘူဒဲမြို့နယ်တွင် ပါဝင်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်စဉ် ၁၉၉၅ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့၊ ပူတာအိုခရိုင် ခရီး စဉ်၌ အစိုးရရုံးများကို ခေါင်လန်ဖူးသို့ ရွေ့ပြောင်းရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ခဲ့သည်။ ဒီဇင်ဘာ လ(၂၀)ရက်နေ့တွင် စတင်ဆောင်ရွက်ရာ ၁၉၉၆ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် အပြီးသတ်နိုင်ခဲ့သည်။