"နမ့်စန်"

နမ့်စန်မြို့နယ်သည် ယခင်က ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် နမ့်စန်ရွာကြီးကို မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၇.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၅ စု၊ ကျေးရွာပေါင်း ၁၅၈ ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။ နမ့်စန်မြို့နယ်သည် ၁၅၉၂.၅၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မြို့နယ်၏ အရှေ့ဘက်တွင် ကွန်ဟိန်းမြို့နယ်၊ တောင်ဘက်တွင် မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်၊ အနောက်ဘက်တွင် လွိုင်လင်မြို့နယ်၊ မြောက်ဘက်တွင် လဲချားမြို့နယ်တို့ တည်ရှိပါသည်။ နမ့်စန်မြို့နယ်၏ မြေမျက်နှာ သွင်ပြင်မှာ ပြန့်ပြူးသော လွင်ပြင်များဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၁၆၆ ပေ အထက်တွင် တည်ရှိပြီး လွယ်ပန်တောင်တန်း (၄၃၃၁ပေ)၊ လွယ်မောင်းတောင်တန်း (၃၉၈၉ပေ) တို့မှာ ထင်ရှားသော တောင်တန်းများဖြစ်သည်။ နမ့်စန်မြို့နယ်တွင် အဓိကစီးဆင်းသော မြစ်ချောင်းများမှာ နမ့်လတ်ချောင်း၊ နမ့်တိန်းချောင်း၊ နမ့်နားခါးချောင်း၊ နမ့်မောင်းချောင်းတို့ဖြစ်ပြီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိကာ တစ်နှစ်ပတ်လုံး စီးဆင်းပါသည်။ ရေအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ နမ့်စန်မြို့နယ်သည် အေး၍ ခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉.၇˚C ဖြစ်သည်။ နမ့်စန်မြို့နယ်တွင် လူဦးရေပေါင်း ၁၂၀၀၀၀ ခန့် နေထိုင်ပါသည်။ နမ့်စန်မြို့နယ်သည် စီးပွားရေးအချက်အချာကျပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြို့နယ်၏ အဓိကထွက်ကုန်မှာ အစေ့ထုတ်ပြောင်း၊ ဂျင်း၊ နာနတ်သီးတို့ဖြစ်သည်။ နမ့်စန်မြို့နယ်သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ နမ့်စန်မြို့ အမှတ် (၃) ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ဆတိုးဆုတောင်းပြည့်ဘုရားမှာ ထင်ရှားပါသည်။

Attractions in နမ့်စန်