"ဆီဆိုင်"

ဆီဆိုင်မြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၃ စု၊ ကျေးရွာပေါင်း ၃၂၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၄၆၅၈၃ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၁ မိုင်နှင့် တောင်မှမြောက်သို့ ၄၆ မိုင် ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် ၃၂၀၁ ပေ အထက်တွင် တည်ရှိပါသည်။ ဆီဆိုင်မြို့နယ်၏ မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ရွှေ မြို့နယ် ၊ တောင်ကြီးမြို့နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိပါသည်။ မြို့နယ်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် တောင်တန်း များဝန်းရံလျက်ရှိပါသည်။ မြေပြင်အခြေအနေမှာ တောင်ကုန်း တောင်တန်း များဖြစ်ပြီး မြေပြန့်နည်းပါးသည်။ ဆီဆိုင်မြို့နယ်တွင် နမ့်တဘက်ချောင်းသာရှိပြီး ဟိုပုံးမြို့နယ်မှ ဆီဆိုင်မြို့နယ်ကိုဖြတ်၍ ဖယ်ခုံ မြို့နယ်အတွင်းရှိ မိုးဗြဲဆည်သို့ စီးဝင်ပါသည်။

ဒေသသမိုင်းအကျဉ်း

ဆီဆိုင်မြို့နယ်သည် ရှေးမြန်မာမင်းလက်ထက်ကပင် သုဝဏ္ဏဘုံမိ ခေါ်တွင်ခဲ့သော သထုံမြို့မှ ပြောင်းရွှေ့လာကြသော ပအိုဝ်းလူမျိုးများသည် အုပ်စု ၉ အုပ်စုခွဲ၍ ရှမ်းကုန်းမြေမြင့်သို့ တက်လာကြရာ တစ်အုပ်စုသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာကာ အိုးအိမ်ထူထောင် နေထိုင်ကြရာမှ ဆီဆိုင် မြို့နယ် ယခုထင့်ဆိုင်းရွာနေရာတွင် စတင်ပြီး ခွန်စံဦးဆိုသူ ပအိုဝ်းအမျိုးသားအား ရပ်ရွာ အကြီးအကဲ ခန့်အပ်ကာ အခြေချနေထိုင်ခဲ့ ကြသည်။ ဦးခွန်စံဦး၏ညီ ခွန်မြအောင်သည် အစ်ကိုဖြစ်သူနှင့် မသင့်မြတ် ရာမှ ယခုလွယ်ပွတ်ရွာသို့ ခွဲထွက် လာပြီး ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ သက္ကရာဇ် ၁၀၅၈ ခုနှစ်တွင် ခွန်မြအောင်၏သား ခွန်မောင်နိုင်သည် ယခု ကောင်းဝိန်းရွာတည်နေရာ၌ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း၊ ခွန်မောင်နိုင်၏ သား ခွန်မောင်တာ လက်ထက် တွင် ယခုဆီဆိုင်မြို့တည်နေရာသို့ ခွဲထွက် လာပြီး သထုံပေးအမည်ဖြင့် ရွာတည်၍ နေထိုင်ခဲ့ကြောင်း သိရှိရပါသည်။ ခွန်မောင်တာ၏သား ခွန်ပတ်လက်ထက်တွင် သထုံပေးအမည်မှ ဆီဆိုင်တန် အမည်ခံ၍ ကောဇာ သက္ကရာဇ် ၁၁၀၃ ခုနှစ်မှ ၁၁၄၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ၁၁၄၃ ခုနှစ်မှစ၍ စော်ဘွားကြီးခွန်လောက ဆက်လက် အုပ်ချုပ်ခဲ့ပြီးနောက် နယ်မြေအုပ်ချုပ်ရေးနှင့် အမျိုးသာသနာ ထွန်းကား ရေးကို ဆောင်ရွက် ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ယင်းကာလအချို့တွင် မြန်မာနိုင်ငံ၌ သက်ဦးဆံပိုင်ဘုရင်များ အုပ်စိုးစဉ်ကာလဖြစ်ရာ ကုန်းဘောင် မင်းဆက် မင်းတုန်းမင်းတရားကြီး လက်ထက်၌ သထုံပေးဆီဆိုင်တွင် ခွန်အိုးဆိုသူအား ငွေခွန်မှူးကြီးအဖြစ် ရာထူးခန့်အပ် အုပ်ချုပ်စေခဲ့ရာ သက္ကရာဇ် ၁၂၃၁ ခုနှစ် ဝါခေါင် လပြည့်ကျော် ၉ ရက်နေ့မှစ၍ ၁၂၆၈ ခုနှစ်ထိ နှစ် ၃၀ ကျော် အုပ်ချုပ်ခဲ့ သည်ဟု သိရှိရသည်။ ထိုစဉ်က အုပ်ချုပ်သူငွေခွန်မှူးများကို စော်ဘွား စဝ်ဖာလုံဟု ခေါ်ဝေါ်လာခဲ့ရာမှ စဝ်ခွန်အိုးကွယ်လွန်သော် ယင်း၏ ဒုတိယ မြောက်သား စဝ်ခွန်စိမ်းက သက္ကရာဇ် ၁၂၆၉ မှ ၁၂၈၆ ထိ ၁၇ နှစ်ကြာ ဆက်လက်အုပ်ချုပ်ခဲ့သည်။ စဝ်ခွန်စိမ်းသည် ခရာဇ်သက္ကရာဇ် ၁၉၁၄ မှ ၁၉၁၈ ထိ စစ်တပ်တွင် အမှုထမ်းဆောင်ခဲ့ရာ အစိုးရမှ တီတီအမ်ဘွဲ့ကို ပေးအပ်ခဲ့ခြင်းခံရကြောင်း လေ့လာသိရှိခဲ့ရသည်။

၁၉၂၄ ခုနှစ်တွင် စဝ်ခွန်စိမ်းကွန်လွန်သော် စဝ်ခွန်စိမ်း၏သား စဝ်ခွန်ကြည်က ဖခင်၏ အရိပ်အရာကို ၁၉၂၅ မှ ၁၉၃၈ ထိ ဆက်လက် အုပ်ချုပ်ခဲ့သည်။ ဆီဆိုင်မြို့နယ်ဟု မပေါ်ပေါက်မှီ အချိန်က ဘန်းယဉ်၊ နောင်မွန်၊ ဆီဆိုင်ဟူ၍ ၃ နယ်ခွဲပြီး ငွေခွန်မှူးအဆင့်အတန်းထားရှိကာ အုပ်ချုပ်ခဲ့သည်။ သက္ကရာဇ် ၁၉၄၃ခုနှစ်တွင် အင်္ဂလိပ်အစိုးရအုပ်ချုပ်နေစဉ် ယခုဆီဆိုင်တည်ရှိသည့် စေတီတည်ဆောက်ပြီးနောက် တဖြည်းဖြည်း စည်းကားလာပြီး မြို့အဖြစ် တည်ရှိလာခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မှီ ကာလ၌ ညောင်ရွှေစော်ဘွား လက်ထက်တွင် ညောင်ရွှေစော်ဘွား လက်အောက်ခံ မြို့စားအုပ်ချုပ်သည့် နယ်မြေအဆင့် သာရှိသည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ စော်ဘွားများ အာဏာစွန့်ပြီးနောက် ဆီဆိုင်မြို့နယ်တစ်ခုအဖြစ် သတ်မှတ် ပြီး တိုက်နယ် ၁၃ ခုထား၍ အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ( ၇-၇-၁၉၇၂ )ရက်စွဲပါ အမိန့် ကြော်ငြာစာအရ ရပ်ကွက် ၆ ရပ်ကွက်ကို စုစည်း၍ ဆီဆိုင်မြို့အဖြစ်လည်းကောင်း၊ ကျေးရွာအုပ်စု ၁၃ အုပ်စုအား ကျေးရွာအုပ်စုအဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့သည်။

Attractions in ဆီဆိုင်