"လဲချား"

ရှမ်းဘာသာ ‘လိုင်းခ’ (ခ) မြန်မာဘာသာ ‘လဲချား’မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇.၇.၁၉၇၂ ရက်စွဲပါ အမိန့်စာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ လဲချားမြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၉ ခု၊ ကျေးရွာပေါင်း ၁၃၅ ရွာပါဝင်ပြီး လူဦးရေပေါင်း ၅၂၀၀၀ ကျော် နေထိုင်ပါသည်။ လဲချားမြို့နယ်သည် အရှေ့မှအနောက်သို့ ၃၁ မိုင်၊ တောင်မှမြောက်သို့ ၃၀ မိုင် ရှည်လျားပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၉၂၄.၇၄၉ မိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၁၁၆ ပေ အထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ လွိုင်ဖိုင်းတောင် (၆၀၀၀ပေ) ဖြစ်သည်။ အရှေ့ဘက်တွင် နမ့်စန်မြို့နယ်၊ တောင်ဘက်တွင် လွိုင်လင်မြို့နယ်၊ အနောက်ဘက်တွင် ရပ်စောက်မြို့နယ်၊ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ်တို့ တည်ရှိပါသည်။ လဲချားမြို့နယ်တွင် တောင်ကုန်း တောင်တန်းများ ပေါများပြီး မြို့နယ်၏အနောက်မြောက်ဘက်တွင် ပေ ၆၀၀၀ အထိ မြင့်မားသော တောင်တန်းများ ရှိပါသည်။ အရှေ့ဘက်တွင် လွင်ပြင်နှင့် တောင်ကုန်းများ ရှိပါသည်။ လဲချားမြို့နယ်သည် မြစ်ချောင်းများ ပေါများပြီး ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ နမ့်တိန်းချောင်းသည် ထင်ရှားပြီး မြို့နယ်၏ အလယ်ဗဟိုမှ မြောက်မှတောင်သို့ စီးဆင်းကာ သံလွင်မြစ်အတွင်းသို့ စီးဝင်ပါသည်။ ရေအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေအဖြစ် အသုံးပြုကြပါသည်။ လဲချားမြို့နယ်သည် မုတ်သုံ ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ လဲချားမြို့နယ်သည် စီးပွားရေး အချက်အချာကျသော မြို့နယ်ဖြစ်ပြီး ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လဲချားမြို့နယ်သည် ကုန်းလမ်းကို အဓိကအသုံးပြုပြီး လွိုင်လင်-လဲချား-ပန်ကေတု-သီပေါ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်၊ စပါး၊ ကြက်သွန်ဖြူတို့ဖြစ်သည်။

Attractions in လဲချား