"ဆင်ပေါင်ဝဲ"

ဆင်ပေါင်ဝဲမြို့နယ်သည် ၇၉၁.၀၃၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ဆင်ပေါင်ဝဲမြို့နယ်၏ အရှေ့ဘက်တွင် လယ်ဝေးမြို့နယ်၊ တောင်ဘက်တွင် အောင်လံမြို့နယ်နှင့် သရက်မြို့နယ်၊ အနောက်ဘက်တွင် မင်းလှမြို့နယ်၊ မြောက်ဘက်တွင်မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် လွင်ပြင်ချိုင့်ဝှမ်းမြေသည် ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့်အနောက်ဘက်ကမ်းတို့တွင် တည်ရှိပြီး စတုရန်းမိုင် ၅၀ ခန့်ရှိ၍ မြို့နယ်အကျယ်အဝန်း၏ ၆.၃၂ ရာခိုင်းနှုန်းရှိပါသည်။ လှိုင်းထ နှင့်ဆင်ခြေလျှောမြေသည် မြစ်၏အနောက်ဘက်ကမ်းတွင် တည်ရှိပြီး အကျယ်အဝန်းစတုရန်းမိုင် ၆၃၉.၁၆ ရှိပြီး မြို့နယ်အကျယ်အဝန်း၏ ၈၀.၇၇ ရာခိုင်းနှုန်းရှိပါသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ဧရာဝတီမြစ်သည် အထင်ရှားဆုံးမြစ်ဖြစ်ပြီး မြောက်မှတောင်သို့စီးဆင်းလျက်ရှိပါ သည်။ ဧရာဝတီမြစ်အတွင်းသို့ လင်ပန်းချောင်း၊ ဘရုံချောင်း၊ ရှမ်းသောက်၊ ရွှေကျင်ချောင်း၊ လွန်ချီချောင်း၊ ညံတောအင်းချောင်း စသည့်ချောင်းများသည် အရှေ့မှအနောက်သို့ စီးဝင်ပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ ပန်းတင်တောင်ဖြစ်ပြီး အမြင့်ပေ ၁၂၉၁ ပေရှိပါသည်။ မြို့နယ်၏အမြင့် ဆုံးအရပ်ဒေသမှာ ကျောက်ဆောင်စမ်းကျေးရွာဖြစ်ပြီး အနိမ့်ဆုံးအရပ်ဒေသမှာ ကြာအင်းကျေးရွာဖြစ်ပါ သည်။

ဒေသသမိုင်းအကျဉ်း

ဆင်ပေါင်ဝဲမြို့နယ်သည် ကောဇာသက္ကရာဇ် ၄၅၅ ခုနှစ်တွင် နန်းတက်သည့် နရပတိစည်သူမင်းလက်ထက် ဆင်ဖောင်ဆွဲဟူသည့် ဝေါဟာရမှ စတင်ပေါ်ပေါက်လာသည်ဟု အဆိုရှိသည်။ နရပတိစည်သူမင်းကြီးသည် ဧရာဝတီမြစ်ကို ဆန်တက်၍လာရာ ယခုဆင်ပေါင်ဝဲမြို့ နေရာသို့ရောက်ရှိလာခဲ့၏။ ထိုအခါက ယခုဆင်ပေါင်ဝဲနေရာတွင် လူသူဟူ၍မရှိသေး။ တောကြီးမျက်မဲမျှသာရှိသေးသည်။ ယခုလွန်ချီရွာတွင် အိမ်ခြေအနည်းငယ်ဖြင့် အုပ်စုဖွဲ့၍ နေကြသည်။ ထိုစဉ်က ယခုဆင်ပေါင်ဝဲဟု ခေါ်တွင်သောနေရာတွင် ကြီးမားသော ကျောက်ဆောင်တန်းကြီးသည် မြစ်အရှေ့ဘက်ကမ်းမှနေ၍ ဧရာဝတီမြစ်အတွင်းသို့ ထိုးဆင်းနေသည်။ ထိုကျောက်ဆောင်တန်းကြီးကြောင့် ကြီးမားသော ရေဝဲကြီးဖြစ်လို့နေသည်။ အဆိုပါရေဝဲကြီးကို နရပတိစည်သူမင်းကြီးဖောင်တော်ဖြင့် ကျော်လွန်ဆန်တက်နိုင်ခြင်းမရှိ၍ ဆင်ဖြင့်ပေါင်၍ဆွဲရသော ဝဲကြီးပါတကားဟု နရပတိစည်သူမင်းကြီး၏ မိန့်မြွက်စကားကိုတည်မှီ၍ ဆင်ပေါင်ဆွဲမှ ဆင်ပေါင်ဝဲဟူ၍ အမည်တွင်သည်ဟု ဆိုကြသည်။ အဆိုပါကျောက်ဆောင်မှာယခု တိုင်ပင်ရှိနေ၏။ ရေဆိုင်ဝဲကြီးအား ဆင်ပေါင်ဝဲဟူ၍ အမည်တွင်ပြီးနောက် ကျောက်ဆောင်ကြီးတောင်ဘက် ဘေးတွင် တံငါတဲလှေများရှိသည်။ ရေအလုပ်ဖြင့် အသက်မွေးကြသည်မှာ အဆင်ပြေသဖြင့် တစ်အိမ်စနှစ်အိမ်စနေလာရာမှ အိမ်များ များပြားလာကာ ရွာစုကလေးသဖွယ်ဖြစ်လာသည်။ ထိုရွာစုလေးဖြစ်လာသောအခါသီး ခြားအမည်မပေးတော့ပဲ ဆင်ဖြင့်ပေါင်၍ဆွဲရသောဝဲကြီးအမည်ကို အဆွဲပြု၍ ဆင်ပေါင်ဝဲရွာဟု အမည်တွင်သည်။ ၁၉၇၂ ခုနှစ်၊မတ်လ ၁ ရက်နေ့မှစတင်၍ မြို့နယ်တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါသည်။ ၁၉၇၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ စာအမှတ်၊ ၃/၁၃၂/ အထဥ(၂) အရ ယခင်ကျေးရွာအုပ်စု ၆၆ အုပ်စုရှိခဲ့ရာ ပြုပြင်၍ ယခုလက်ရှိကျေးရွာအုပ်စု ၄၆ အုပ်စုဖြင့် အတည်ပြုပေးခဲ့ပါသည်။ ယခင် မြို့မ၊ ဈေးရပ်၊ သာဂေါင်၊ ရွာထောင်၊ ဇွေ့ချောင်း၊ အိုးဘို၊ မင်းအောင်ရပ်ကွက်ဟူ၍ ၇ ရပ်ကွက်မှ မြို့မနှင့် ဈေးရပ်ကိုပေါင်း၍ အမှတ်(၁)ရပ်ကွက်အဖြစ်လည်းကောင်း၊ အိုးဘိုရပ်ကွက်ကိုအမှတ် (၂)ရပ်ကွက်အဖြစ်လည်းကောင်း၊ သာဂေါင်၊ ရွာထောင်၊ ဇွေ့ချောင်းနှင့် မင်းအောင်ရပ်ကွက်ကို အမှတ်(၃)ရပ်ကွက်အဖြစ်လည်းကောင်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၁၉၇၃) စာအမှတ်၊ ၂/၁၃၂/ အထ (၂) အရ ပြန်လည်သတ်မှတ်အတည်ပြုခဲ့ပါသည်။

Attractions in ဆင်ပေါင်ဝဲ