"အုတ်တွင်း"

အုတ်တွင်းမြို့နယ်သည် ဧရိယာ ၅၃၄.၆၈ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၁၇၆၀၆၄ ဦးခန့် နေထိုင်ပါသည်။ အုတ်တွင်းမြို့နယ်၏ အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်၊ တောင် ဘက်တွင် ဖြူးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပေါက်ခေါင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် တောင်ငူမြို့ နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းများအနေဖြင့် ထင်ရှားသည့် မြစ်ချောင်းမှာ စစ်တောင်းမြစ်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

အုတ်တွင်းမြို့နယ်၏ ဒေသဆိုင်ရာသမိုင်းအကျဉ်းမှာ မဟာသီရိ ဇေယျသူရဘွဲ့ခံ မင်းကြီးညိုသည် ကောဇာသက္ကရာဇ် (၈၇၂)ခုနှစ်တွင် ဒွါရ၀တီမြို့ဟောင်းမှ ကေတုမတီမြို့သစ်ကို တည်ထောင်စိုးစံခဲ့သည်။ မြို့လုံခြုံရေးအတွက် ကုန်းတွင်းပိုင်း ကင်းတပ်စခန်းများ တည်ဆောက် ခဲ့ရာတွင် အုတ်တွင်းမြို့ ယခုလက်ရှိ မြို့လယ်ဓမ္မရက္ခိတကျောင်း ယခင် ဂတ်တဲကျောင်းအနီးသည်လည်း ကင်းတပ်စခန်းဖြင့်ပါ၀င်ခဲ့သည်။ အဆိုပါ မြေနေရာသည် ချင်းပြည်နယ်ဘက်မှ နွားကုန်သည်များနှင့် သစ်ကုန်သည် များစခန်းချရာနေရာလည်း ဖြစ်ခဲ့သည်။ သစ်ပင်များ၏ အမြင့်ထက်မှ ငှက်ကလေးများ ဩတင်တွင်းဟု သာယာစွာမြည်သော အသံကို အစွဲပြု၍ အောတတွင်းစခန်းဟု မြန်မာများ ခေါ်ဝေါ်ခဲ့ကြပြီး ရှမ်းတို့မှ ငှက်အော် စခန်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုမှ ကာလရွေ့လျားကာ အောတတွင်းမှ အုတ်တွင်းဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။

အခြားသော မူကွဲတစ်ခုမှာ အထက်အညာဒေသမှ ကုန်သည်များ အောက်အရပ်သို့ ကုန်ကူးသန်းသွားလာရာတွင် ဦးစွာ ကြက်သွန်ခင်းဟု အမည်ရှိသောအရပ်တွင် စခန်းချရာမှ ထိုထက်ကောင်းမွန်သော နေရာကို ရှာဖွေကြရာယခု မဲကုန်းရပ် ဦးမင်းစိန်ဆီစက်ခြံလောက်တွင် အုတ်ရေတွင်း တစ်ခုကို တွေ့ရှိခဲ့ကြသည်။ အုတ်ရေတွင်းကို အစွဲပြု၍ အုတ်တွင်းဟု ခေါ် ကြောင်း သိရှိရပါသည်။ ကထိက ဦးစိန်လွင်လေး ကေတုမတီတောင်ငူ ရာဇ၀င်အရ တောင်ငူဘုရင် မင်းကြီးညိုလက်ထက်တော် ခရစ်သက္ကရာဇ် ၁၅၁၁ ခုနှစ်တွင် တီကိုးတီ၊ ကုန်းကိုးကုန်းဟူ၍ တည်ရှိခဲ့ကြောင်း၊ တီကိုးတီတို့ကို ထည့်သွင်းထားခဲ့သဖြင့် အုတ်တွင်းမြို့ ကင်းတပ်စခန်း ရှိသည့် အချိန်တွင် ကျွဲပွဲမြို့၏ အရှေ့ဘက် စစ်တောင်းမြစ်ကမ်းဘေးရှိ မြို့စိုးအရပ်သည် မြို့အဖြစ်တည်ရှိ စည်ကားခဲ့ကြောင်း သိရှိရပါသည်။ အောက်မြန်မာနိုင်ငံ ဗြိတိသျှတို့ မသိမ်းပိုက်မီက (၁၈၈၅)ခုနှစ်မတိုင်မီ ရေဆင်းမကောင်းသော ညံ့တောကြီးအဖြစ်တည်ရှိခဲ့သည်။ ရန်ကုန်- မန္တလေးရထားလမ်းကားလမ်းမဖြစ်မီ အခြေအနေအရ လက်ရှိအုတ်တွင်း မြို့၊မဲကုန်းရပ်တွင်သာ လူနေထိုင်လျက်ရှိပြီး မဲပင်များပေါက်ရာဒေသဖြစ် သဖြင့် မဲကုန်းဟုတွင်သည် ကျန်နေရာများမှာ လယ်စောင့်တဲများအဖြစ်သာရှိပြီး ကသစ်ပင်များပေါက်ရာအရပ်ကို ကသစ်တန်းဟု လည်းကောင်း၊ တရုတ်လူမျိုးများ ကြက်သွန်စိုက်ရာအရပ်ကို ကြက်သွန်ခင်းဟုလည်း ကောင်း၊ ယခုမဲကုန်းရပ်ကွက်တွင် တူးသူမဲ့အုတ်ရေတွင်းတစ်ခုရှိသည်ကို အစွဲပြု၍ အုတ်ရေတွင်းဟုခေါ်ရာမှ အုတ်တွင်းဖြစ်လာကြောင်း သိရှိရပါ သည်။

အုတ်တွင်းမြို့တွင် ပါဝင်သည့် ညောင်ခြေထောက်၊ အုတ်တွင်း၊ ကျွဲပွဲမြို့များသည် (၁၈၉၈)ခုနှစ် မြန်မာနိုင်ငံတော်အောက်ပိုင်း မြို့ရွာရှိ မြေယာအက်ဥပဒေ(The Lawer Burma Town and Village Lands Act 1898)အရ မြို့အဖြစ်ကြေညာရာတွင်ပါဝင်ပါသည်။ (၁၉၀၈)ခုနှစ် ဒီဇင်ဘာ(၂၉)ရက်နေ့တွင် အခွန်တော်ဌာနမှ အမိန့်ကြော်ငြာစာနံပါတ် (၁၀၀) ဖြင့်ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဆိုရှယ်လစ်မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၂၄-၆-၁၉၇၂)ခုရက်စွဲပါစာအမှတ်၁၀၃၇၂၅ စိတ်(၁) ဖြင့် အုတ်တွင်းအား မြို့နယ်အဖြစ်လည်းကောင်း၊ (၂၁.၈.၂၀၁၅)ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၁၀၄၆/၂၀၁၅)ဖြစ် ကျွဲပွဲကျေးရွာအုပ်စုအား ကျွဲပွဲ မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ရပ်ကွက်(၅)ရပ်ကွက်ဖြစ် ဖွဲ့စည်းခဲ့၍ အုတ်တွင်း မြို့နယ်အား ရပ်ကွက်/ကျေးရွာအုပ်စု(၅၁)အုပ်စုဖြစ် ဖွဲ့စည်းထားရှိပါသည်။

Attractions in အုတ်တွင်း