"အင်းတော်"

အင်းတော်မြို့နယ်သည် ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာပေါင်း ၁၄၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၂၇၃၇၃ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၇၃၃.၀၂၁ စတုရန်းမိုင်ရှိပါသည်။ အင်းတော်မြို့နယ်၏ အရှေ့ဘက်တွင် ကသာမြို့နယ်၊ တောင်ဘက်တွင် ထီးချိုင့်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဝန်းသိုမြို့နယ်၊ ဗန်းမောက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မိုးညှင်းမြို့နယ် (ကချင်ပြည်နယ်)တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိပါသည်။

အင်းတော်မြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးသည့် ဒေသဖြစ်ပြီး သစ်တောများဖုံးလွမ်းမှု များပြားပါသည်။ စိုက်ပျိုးမြေအဖြစ်အသုံးပြုနိုင်သော မြေပြန့်လွင်ပြင် မြေဧရိယာ (၁၀)ပုံ (၁)ပုံခန့်သာရှိသည်။ မြို့နယ်၏အလယ်ပိုင်းတွင် တောင်-မြောက် သွယ်တန်းနေသော မြေပြန့်လွင်ပြင်သာရှိပါသည်။ မြို့နယ် ၏အရှေ့ဘက်ခြမ်းတွင် တောင်မြောက်သွယ်တန်းနေသော ကချင်တောင်တန်း အမြင့်ပေ ၁၉၀၀ကျော်၊ ဖက်ဆွတ်တောင်တန်း၊ ကိုမင်းတောင်တန်းနှင့် ပေ ၂၆၂၁ မြင့်သော မိုးစွန်နံတောင်တန်း၊ ပေ ၁၁၄၈ မြင့်သော တောင်လုံးညိုတောင်တန်းများ ရှိပါသည်။ အနောက်ဘက်တွင် ပေ ၁၁၄၈ မြင့်သော ကြက်လည်စေ့တောင်၊ ပေ ၁၂၀၀ မြင့်သော ကျောက်မဲတောင်၊ ပေ ၁၃၁၅  မြင့်သော မင်းဝံတောင်တန်းများ တည်ရှိပါသည်။ မြောက်ဘက်တွင် မော်ဟန်တောင်တန်းများရှိပါသည်။

မြစ်ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောချောင်းမှာ မဲဇာချောင်းဖြစ်ပြီး အင်းတော်မြို့မှ (၆)မိုင်ခန့်အကွာ ဖြတ်သန်း၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ဒေသတွင်းရှိ လေးတန်ချောင်း၊ နမီးချောင်းတို့မှာ ထူးခြားစွာ တောင်မှမြောက်သို့ စီးဆင်း၍ မဲဇာချောင်းအတွင်း စီးဝင်ပါသည်။ အင်းတော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့် ၄ဝဝ ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ မိုးစွန်နံတောင်တန်းဖြစ်၍ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၆၂၁ ပေ ဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ တောင်ဘက်အရပ် ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

အင်းတော်မြို့နယ်သည် မန်လည်ကစခဲ့ပါသည်။ မန်လည်စစ်တမ်း အရပါဋလိပုဒ်ပြည်တွင် ဗိန္ဓုသာရမင်းစိုးစံနေစဉ် ဒေဝအမတ်သည် မန်လည်မြို့ကိုတည်ထောင်ခဲ့ပါသည်။ သရေခေတ္တရာ ငါ့တပါးမင်းလက်ထက် ၎င်း၏ ကျွန်ဒိဗ္ဗနရအမတ်သည် မြေတိုင်းအမတ် သိရိဓမ္မကျော်ထင်၊ အတွင်းဝန် ဇေယျသိင်္ခနှင့်အတူ ဧရာဝတီမြစ်ကို ဆန်တက်၍ သက္ကရာဇ်(၁၈၃၂)ခု၊ တပေါင်းလဆန်း(၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မန်လည်ကို ပြန်လည်ထူထောင်ပါသည်။ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက် တိုင်းခန်းလှည့်လည်ရာတွင် မန်လည်စော်ဘွား ငထွန်းငယ် အခစားမရောက် မန်လည်မြေကို ငါးရပ် ခွဲဝေပြီး (၁)ငနန့်စာ၊ (၂)ငနန့်သဲ၊ (၃)ငအင်းတော်၊ (၄)ငစင်းဟောက်၊ (၅)ငကွမ်းဘောင်တို့ကိုအပိုင်စား ခွဲဝေပေးခဲ့ပါသည်။ ၎င်းအချိန်မှစ၍ အင်းတော် သမိုင်းကိုစတင်တွေ့ရှိခဲ့ရပါသည်။ မိုးညှင်းစစ်တမ်းအရ သက္ကရာဇ် ၁၁၁၅ ခု၊ ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရား လက်ထက်တွင် အင်းတော်၊ မန်လည်၊ မော်လူးတို့သည် မိုးညှင်းစီရင်စုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရပါသည်။ အင်းတော်မြို့နယ်၌ မြေငါးရပ်ပါ၀င်ခဲ့ရာ ၎င်းတို့မှာ အင်းတော်၊ နန့်ပေါ၊ ခင်လိန်၊ ပင်သည်၊ ကွမ်းဘောင်တို့ဖြစ်ပြီး၊ အင်းတော်သည် အင်းတော်၊ နန့်ပေါသည် နဘား၊ ပင်သည် သည် ပင်သချေ။ ခင်လိန်သည် ယခုပျက်သွားပြီး၊ ကွမ်းဘောင်သည် ထီးချိုင့် မြို့နယ်တွင် ပါဝင်သွားသည်။ နန့်သဲသည် ယခင်ကမန်လည်ငါးရပ်တွင် ပါဝင်ခဲ့သော်လည်း ဘိုးတော်ဘုရား လက်ထက် မဲဇာ(၇)ရွာဖွဲ့စည်းရာတွင် မဲဇာသို့ပါသွားခဲ့ပါသည်။ မြန်မာ သက္ကရာဇ်(၁၂၄၇)ခုနှစ်၊ သီပေါမင်းလက်ထက်တွင် ဦးပုကို မန်လည်မြို့ဝန် အဖြစ်ခန့်အပ်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးချိန် ၁၈၈၆ အင်္ဂလိပ်များကို စတင်ပုန်ကန်သောအခါ အင်းတော်နယ်သူ/ နယ်သားများ ပါဝင်ခဲ့ကြပါသည်။ ၁၈၉၅ ခုနှစ်တွင် နမ်းခမ်း-မိုးညှင်း မီးရထားလမ်း ဖောက်လုပ်ရာ ၎င်းနှစ်မှာပင် မဲဇာ၊ ဆည်ရွာ၊ အင်းတော်၊ နဘား၊ မော်လူး၊ ပင်ဝယ် ဘူတာ(၆)ခု ဖွင့်လှစ်ပေးခဲ့ပါသည်။ သို့သော် အင်းတော်ဘူတာတစ်ဝိုက်၌ အင်းတော်မြို့နယ် မပေါ်ပေါက်သေးပဲ မန်လည် အုပ်ချုပ်ရေး တည်ဆဲဖြစ်ပါသည်။ မန်လည်အုပ်ချုပ်ရေးနှင့် အပြိုင်မော်လူးမြို့နယ် ကို ဖွဲ့စည်းခဲ့ပြီး မြို့ပိုင်ရုံး၊ ရဲဌာန၊ ငွေတိုက်များဖွင့်လှစ်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်ခန့်တွင် မော်လူးနှင့် မန်လည်မြို့များဖျက်သိမ်းပြီး မိုးညှင်းမြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်များပေါ်လာခဲ့ပါသည်။

Attractions in အင်းတော်