"ကြည့်မြင်တိုင်"

ကြည့်မြင်တိုင်မြို့နယ်သည် ရှေးယခင်က ကြည့်မြင်တိုင်အရပ်ဟု ရာဇဝင်သမိုင်းများတွင် ရေးသားခဲ့ပါသည်။ ကြည့်မြင်တိုင်ဟု ခေါ်ဆိုခြင်းမှာ ဂန္ဓလရာဇ်ပြည် ဥတည်မင်းသည် ရွှေတိဂုံစေတီတော်မှ မြတ်စွာဘုရားရှင် ဆံတော်ကို ကိုးကွယ်လိုပါသည်ဆိုသောကြောင့် မွန်အမျိုးသားမောင်ကံသည် လှံကိုင်၍ မြေလျှိုးလာရာ မည်မျှလိုသေးကြောင်း သိလိုသဖြင့် မြေပေါ်တက်ကြည့်ရာ ရွှေတိဂုံစေတီတော်ကို တွေ့မြင်ရ၍ ခေတ္တအပန်းဖြေရာ ထိုအရပ်ကို ကြည့်မြင်တိုင်အရပ် ဟု ခေါ်တွင်ခဲ့ကြောင်း ဦးကျော်ရေးသားခဲ့သည့် “ဗဒုံမင်းလက်ထက် ရန်ကုန်ဆိပ်ကမ်း” စာအုပ်တွင် တွေ့ရှိရပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) ၏ ၁၀.၄.၁၉၇၄ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကြည့်မြင်တိုင်ကို ရပ်ကွက် ၂၁ ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အရှေ့မှအနောက်သို့ ၂ မိုင်၊ တောင်မှမြောက်သို့ ၂.၀၈ မိုင်ရှည်လျားပြီး ၄.၈၀၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် စမ်းချောင်းမြို့နယ်၊ တောင်ဘက်တွင် အလုံမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ အနောက်ဘက်တွင် တွံတေးမြို့နယ်၊ မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ လှိုင်သာယာမြို့နယ်တို့ တည်ရှိသည်။ ကြည့်မြင်တိုင်မြို့နယ်တွင် မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ထင်ရှားသော မြစ်မှာ လှိုင်မြစ် (ရန်ကုန်မြစ်) ဖြစ်ပြီး မြို့နယ်၏အလယ်ဗဟိုမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ပန်းလှိုင်မြစ်မှာ အနောက်မှအရှေ့သို့ ဖြတ်သန်းစီးဆင်း၍ ရန်ကုန်မြစ်အတွင်းသို့ ပေါင်းဆုံ စီးဆင်းပါသည်။ ရန်ကုန်မြစ်သည် နွေရာသီတွင် ရေငန်၍ သောက်သုံးရေ၊ စိုက်ပျိုးရေအဖြစ် မသုံးမပြုနိုင်ပါ။ ပန်းလှိုင်မြစ်မှာ နွေရာသီတွင် ရေအနက် ၃ ပေခန့်သာရှိသောကြောင့် သင်္ဘော/စက်လှေများ သွားလာ၍မရနိုင်ပါ။ ကြည့်မြင်တိုင်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ ၃၅ ပေ အထက်တွင် တည်ရှိပါသည်။ ကြည့်မြင်တိုင်မြို့နယ်သည် ပူနွေးစွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ်ကို ရပ်ကွက် ၂၂ ခုဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၀၀၀၀၀ ကျော် နေထိုင်ပါသည်။ ကြည့်မြင်တိုင်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး ကုန်းလမ်း၊ ရေလမ်းများဆုံရာတွင် တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

Attractions in ကြည့်မြင်တိုင်