"ဖားကန့်"

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၆.၃.၁၉၉၅ ရက်စွဲပါ စာဖြင့် ဖားကန့်ကျေးရွာအား ဖားကန့်မြို့အဖြစ် တိုးမြှင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၂.၇.၁၉၉၆ ရက်စွဲပါ စာဖြင့် ကာမိုင်းမြို့နယ်အစား ဖားကန့်မြို့နယ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဖားကန့်မြို့နယ်သည် အရှေ့မှအနောက်သို့ ၆၃ မိုင်၊ တောင်မှမြောက်သို့ ၅၆ မိုင် ရှည်လျားပြီး ၂၃၃၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ဖားကန့်မြို့နယ်၏ မြောက်ဘက်တွင် တနိုင်းမြို့နယ်၊ အရှေ့ဘက်တွင် မြစ်ကြီးနား၊ မိုးကောင်း၊ တောင်ဘက်တွင် မိုးညှင်း၊ အနောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်တို့ တည်ရှိပါသည်။ ဖားကန့်မြို့နယ်သည် မြေပြန့် လွင်ပြင်နည်းပါးပြီး တောင်ကုန်းတောင်တန်းများ ပေါများသည်။ မြစ်ကြီးနား-တနိုင်း ကားလမ်း (လီဒိုလမ်း) ဖြတ်သန်း ဖောက်လုပ်ထားသည့် ဟူးကောင်းလွင်ပြင်သည် အလျား ၃၀ မိုင်၊ အနံ ၈ မိုင်ခန့်ရှိပြီး အကျယ်ဆုံးလွင်ပြင် ဖြစ်သည်။ ဖားလိုင်းတိုင်၊ လွယ်မီးတောင်၊ ကသိုဏ်းတောင်တို့မှာ ထင်ရှားသော တောင်များဖြစ်ပြီး ဥရုချောင်း၊ တနိုင်းချောင်း၊ အင်းတော်ချောင်းတို့မှာ ထင်ရှားသော ချောင်းများဖြစ်သည်။ ထင်ရှားသော အင်းအိုင်များမှာ နောင်းပုံအင်းမကြီး၊ ပတ်ကွေ့အင်း၊ စံဘအင်းတို့ ဖြစ်သည်။ ဖားကန့်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၀၀၇ အထက်တွင် တည်ရှိပါသည်။ ဖားကန့်မြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများခြင်း၊ သမနွေးပိုင်းတွင် ပါဝင်ခြင်း တို့ကြောင့် အေးမြသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၅ စု၊ ကျေးရွာပေါင်း ၅၄ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၃၀၀၀၀ ကျော် နေထိုင်ပါသည်။ ဖားကန့် မြို့နယ်သည် စီးပွားရေး အချက်အချာကသော မြို့နယ်ဖြစ်သည်။ စိုက်ပျိုးရေး၊ ကျောက်စိမ်းတူးဖော်ရေး၊ ရွှေလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ယင်းလုပ်ငန်းများနှင့် ဆက်စပ်သည့် ရောင်းဝယ်ရေး၊ လူမှုဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။

Attractions in ဖားကန့်